စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ လာပေါ်တာကတော့ အသင်းရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီဟာ အသင်းမှာ ဆက်လက် ရှိနေဖို့ ဆန္ဒရှိနေကြောင်းနဲ့ သူတို့ဟာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေကြောင်း အတည်ပြု ပြောကြားသွားပါတယ်။ အသက် ၃၃နှစ် အရွယ် အာဂျင်တီးနားအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ယခုလ ၃၀ရက်နေ့ဆိုရင် ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား ဖြစ်ပြီး အကယ်၍ အဆိုပါနေ့ရက် အထိ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခြင်း မရှိရင် မက်ဆီဟာ ဇူလိုင်လ ၁ရက်နေ့မှ စတင်ကာ သူ ကြိုက်နှစ်သက်ရာ အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခွင့်ရမှာ ဖြစ်ပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေဟာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး မက်ဆီကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ထုတ်ဖော် ပြောဆိုထားခြင်း မရှိပါဘူး။ လက်ရှိမှာတော့ မက်ဆီကို ခေါ်ယူဖို့ အတွက် ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေသလို ချဉ်းကပ်မှု တချို့လည်း ပြုလုပ်နေကြောင်း ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌ ဖြစ်သူ ခါလိုင်ဖီက အတည်ပြု ပြောကြားထားပါတယ်။ လာပေါ်တာကတော့ သူတို့အနေနဲ့ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ယုံကြည်ထားသလို မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြန့်ကြာနေတာဟာ အသင်းအနေနဲ့ UEFAရဲ့ FFP စည်းမျဉ်းနဲ့ ကိုက်ညီအောင် လုပ်ဆောင်နေရတာကြောင့် ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

Photo Credit: Marca

မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေမှုနဲ့ ပတ်သတ်ပြီး လာပေါ်တာက – “မက်ဆီရဲ့ ခြေရာတွေက နူးကမ့်ကွင်းရဲ့ မြက်ခင်းပြင်ပေါ်မှာ ဆက်လက် ရှိနေမှာပါ။ သူက အသင်းမှာ ဆက်နေချင်ပါတယ်။ ကျွန်တော် ကတော့ အခြေအနေဟာ ဆိုးရွားနေတယ်လို့ မမြင်ပါဘူး။ ကျွန်တော်တို့ လုပ်နိုင်သမျှ အကုန်လုံးကို လုပ်ဆောင် သွားမှာပါ။ ကျွန်တော်တို့တွေ သူ့ကို အသင်းမှာ ဆက်နေဖို့ သွေးဆောင်နေစရာ မလိုပါဘူး။ အသင်းမှာ သူ ဆက်နေဖို့ အကြောင်းပြချက်တွေ ရှိနေရင် အသင်းမှာပဲ သူ ဆက်နေပါလိမ့်မယ်။ သူက အဆင်ပြေနေပါတယ်။ ဒါပေမယ့် အခုချိန်ထိတော့ စာချုပ်သစ်ကို မချုပ်ဆိုသေးပါဘူး။ အဂူရိုကလည်း သူ့ကို “စာချုပ်သစ် ချုပ်လိုက်၊ ငါတို့တွေ အတူ ကစားကြမယ်” ဆိုပြီး နေ့တိုင်း တိုက်တွန်းနေပါတယ်” လို့ ပြောကြား သွားတာပဲ ဖြစ်ပါတယ်။