အသက်အရွှယ်နဲ့မလိုက်အောင် လူကောင်လေးနဲ့မှမလိုက်အောင် Physical Game ကို ဦးစားပေးကစားလေ့ရှိတဲ့ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမျိုးမှာတောင် ခြေစွမ်းပြသလို့ထားနိုင်တဲ့ ဘရိုက်တန်အသင်းရဲ့ ဆယ်ကျော်သက်ကစားသမားလေး လမ်တီကို ဥရောပထိပ်တန်းအသင်းတွေကနေ စတင်သတိထားမိလာခဲ့ကြပြီး ဒီအသင်းတွေထဲကမှ ဘွန်ဒစ်လီဂါရဲ့လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက လမ်တီကို ခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်(၁၄)သန်းခန့်လောက်နဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ စတင်ပြင်ဆင်လို့နေတယ်လို့ ဂျာမန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mirror

အသက်(၁၉)နှစ်သာရှိသေးတဲ့ ချယ်လ်ဆီးလူငယ်ကစားသမားဟောင်း တရီလမ်တီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဆောင်းရာသီစျေးကွက်ကမှ ချယ်လ်ဆီးကနေ ဘရိုက်တန်အသင်းဆီကို ပေါင်(၄)သန်းဝန်းကျင်နဲ့ အပြီးသတ်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီအစပိုင်းမှာပဲ သူရဲ့လျင်မြန်မှုတွေနဲ့ ညာခြမ်းခံစစ်ကနေ တိုက်စစ်ထိ လိုက်ပါကစားနိုင်မှုတွေကြောင့် ပရိသတ်တွေ ပိုမိုသထိထားလာမိသလို ကလပ်အသင်းများစွာရဲ့ အာရုံစိုက်မှုကိုပါ ရရှိလာခဲ့ပါတယ်။ သူ့ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ ဘိုင်ယန်ပါ ပါဝင်လာခဲ့ပြီး ဘင်ဂျမင်ပါဗာရဲ့အရန်အဖြစ် အသုံးပြုသွားဖို့ ချိန်ရွှယ်လာခဲ့ပါတယ်။

Photo Credit : Goal

ဂျာမန်သတင်းမီဒီယာ SPORT1 ရဲ့ဖော်ပြချက်အရ ဘိုင်ယန်ဟာ လမ်တီအတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၁၅)သန်းလောက်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပေမယ့်လည်း ဘရိုက်တန်ဘက်ကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားအတွက် ပေါင်(၂၃)သန်းလောက်အထိကို အလိုရှိနေပြီး လတ်တလော ပြသထားနိုင်တဲ့ ခြေစွမ်းတွေကြောင့်လည်း ကစားသမားရဲ့ပြောင်းရွှေ့ကြေးကို ပိုမိုအလိုရှိနေတာဖြစ်ပါတယ်။ လမ်တီဟာ လက်ရှိမှာ သူရဲ့ဘရိုက်တန်အသင်းအတွက် ပရီးမီးယားလိဂ်(၃)ပွဲ ကစားထားပြီးနောက်မှာ (၃)ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားခဲ့ပြီး (၃)ပွဲလုံးမှာ တစ်ဂိုးစီဖန်တီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ချယ်လ်ဆီးအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ အရပ်(၅)ပေ(၅)လက်မရှိ ကစားသမားလေး လမ်တီဟာ အင်္ဂလန်ယူ-၂၁အသင်းရဲ့ လက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်သလို ဒီလိုခြေစွမ်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်ဆိုရင် စီနီယာလက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံရဖွယ် ရှိလာနိုင်ပါတယ်။ သူ့လို အရည်အသွေးမြင့်မားလှတဲ့ လူငယ်ကစားသမားလေးတစ်ယောက်ကို ချယ်လ်ဆီးဘက်ကနေ Buy-Back စည်းမျဉ်းပါ မပါပဲ အပြီးသတ်ရောင်းချလိုက်တာကို ချယ်လ်ဆီးပရိသတ်တွေ ဒေါသထွက်ခဲ့ကြပြီး ချယ်လ်ဆီးကတော့ သူ့ထက် ရီးစ်ဂျိမ်းစ်ကိုပဲ နေရာပိုပေးလိုတဲ့အတွက် အခုလို ရောင်းချခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။