ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို ဒါဘီနဲ့ ချယ်လ်ဆီးတို့ရဲ့ နည်းပြဟောင်း တဦးလည်း ဖြစ်တဲ့ ဖရန့် လမ်းပတ်ကတော့ ပရီးမီးယားလိဂ် သက်တော်ရှည်အသင်း တသင်း ဖြစ်တဲ့ အဲဗာတန်ကို ကိုင်တွယ်ဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။
အဲဗာတန်ဟာ မကြာသေးမီကမှ အသင်းရဲ့ နည်းပြချုပ် ဘင်နီတက်ဇ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး လတ်တလောမှာ အသင်းကို ယာယီ ကိုင်တွယ်ဖို့ ကစားသမားဟောင်း ဒန်ကန် ဖာဂူဆန်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ထားပါတယ်။
Photo Credit: Standard
ဒါပေမယ့် အဲဗာတန် ဘုတ်အဖွဲ့ဟာ ဒန်ကန် ဖာဂူဆန်ရဲ့ စီမံခန့်ခွဲမှုနဲ့ နည်းစနစ်ကို သဘောမကျတာကြောင့် ဒါဘီနဲ့ ချယ်လ်ဆီးတို့မှာ တိုက်စစ် အသားပေး ကစားဟန်ကို အသုံးပြုကာ ထိုက်သင့်တဲ့ ရလဒ်တွေ ရယူနိုင်ခဲ့တဲ့ လမ်းပတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။
အင်္ဂလန် ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ်ဟာ ဒါဘီနဲ့ ချယ်လ်ဆီးတို့ကို ကိုင်တွယ်စဉ်မှာ သူ့ရဲ့ တိုက်စစ် အသားပေး ကစားဟန်ကို ကောင်းမွန်စွာ အသက်သွင်းပြနိုင်ခဲ့သလို လူငယ် ကစားသမားတွေကို နေရာပေးလေ့ ရှိတဲ့ နည်းပြကောင်း တဦးပဲ ဖြစ်ပါတယ်။
Photo Credit: Standard
နာမည်ကြီး အီတလီ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အဲဗာတန် ဘုတ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ လမ်းပတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ လမ်းပတ် ၊ သူ့ရဲ့အေးဂျင့်တို့နဲ့ အတူ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကာ လမ်းပတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်းလည်း သိရပါတယ်။
ဒါကြောင့် လမ်းပတ်ဟာ မကြာခင်မှာပဲ အဲဗာတန် နည်းပြသစ် ဖြစ်လာဖို့ ရှိနေပြီး လာမယ့် ၂ရက်အတွင်း အဲဗာတန်က လမ်းပတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ကြောင်း တရားဝင် ကြေညာဖွယ် ရှိတယ်လို့လည်း အဲဗာတန်နဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။