ချယ်လ်ဆီးအသင်းရဲ့ နယ်သာလန်နောက်ခံကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ မာရီယိုမဲလ်ခယော့ကတော့ လက်ရှိအသင်းရဲ့နည်းပြ ဖရန့်လမ်းပတ်အနေနဲ့ အသင်းကို ရလဒ်ကောင်းတွေရအောင် မကိုင်တွယ်ပေးနိုင်ခဲ့ပေမယ့်လည်း အသင်းဘက်ကတော့ သူ့ကို အလျင်စလို အသင်းကနေ ထုတ်ပယ်တာမျိုးထက် ဒီနှစ်ဘောလုံးရာသီကုန်ချိန်အထိ အချိန်ပေးပြီး အခြေအနေတွေကို စောင့်ကြည့်ဖွယ်ရှိသလို လမ်းပတ်ကိုလည်း အချိန်ပေးဖို့ လိုအပ်လိမ့်မယ်လို့ မှတ်ချက်ပြုပြောဆိုလာခဲ့ပါတယ်။

Photo Credit : talkSPORT

ပြီးခဲ့တဲ့ဘောလုံးရာသီကမှ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်လာခဲ့တဲ့ ကစားသမားဟောင်း လမ်းပတ်ဟာ ပြီးခဲ့တဲ့ရာသီအတွင်း ကစားသမားသစ် ခေါ်ယူခွင့်မရှိခဲ့တဲ့ အနေအထားကနေတောင် အသင်းကို အကောင်းဆုံးပုံစံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ပေါင်သန်း(၂၀၀)ကျော်လောက် အသုံးပြုပြီး ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်ခဲ့ရတဲ့ ဒီရာသီမှာတော့ အသင်းကို အကောင်းဆုံးမောင်းနှင်နိုင်ခြင်း မရှိတော့ပဲ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ပိုင်းတွေ ဆိုးရွှားနေတာကြောင့် လမ်းပတ်ရဲ့အနာဂတ်ကလည်း အတော်လေးကို လှုပ်ခတ်လာခဲ့ရပါတယ်။

Photo Credit : Goal

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ချယ်လ်ဆီးနောက်ခံလူဟောင်း မဲလ်ခယော့က “ကျွန်တော်ကတော့ အသင်းက လမ်းပတ်ကို ဒီနှစ်ဘောလုံးရာသီကုန်ချိန်အထိ ဆက်လက်ထားရှိလိမ့်မယ်လို့ ထင်မြင်မိပါတယ်။ နည်းပြသစ်တစ်ယောက်ကို ခန့်အပ်ဖို့အတွက်ဆိုတာက အသင်းအတွက် ရှုပ်ထွေးတော့မယ့် ကာလမရောက်ခင် အချိန်မျိုးမှာသာ ပြုပြင်ပြောင်းလဲသင့်တာ။ ဖရန့်အတွက်ဆိုရင်တော့ သူ့ကို ထိုက်သင့်တဲ့ အခွင့်အရေးတစ်ခုကို ပေးသင့်တယ်လို့ ကျွန်တော်ကတော့ ထင်မြင်မိတယ်။ လီဗာပူးလ် မန်စီးတီး မန်ချက်စတာယူနိုက်တက်အသင်းတွေအကြောင်း ပြောကြမယ်ဆိုရင် သူတို့လည်း လက်ရှိနည်းပြတွေကို အချိန်ပေးခဲ့ကြတာပဲလေ။ အဲလက်စ်ဖာဂူဆန်လည်း အသင်းမှာ အချိန်အများကြီး ကိုင်တွယ်ခဲ့ရတယ်။ ဆိုတော့ လမ်းပတ်အနေနဲ့ ဘာတွေပြန်ပြီး လုပ်ဆောင်နိုင်မလဲဆိုတာကို စောင့်ကြည့်သင့်တယ်။ တကယ်လို့ လမ်းပတ်က ဒီအခြေအနေတွေကို ပြန်လည်တည့်မတ်အောင် မလုပ်နိုင်ဘူးဆိုရင် အသင်းက သူ့ကို ရာထူးကနေ ထုတ်ပယ်နိုင်တယ်ဆိုပေမယ့် လက်ရှိမှာတော့ ဒီလိုဆုံးဖြတ်ဖို့က အချိန်မကျသေးပါဘူး” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းဟာ ဒီနောက်ပိုင်းပွဲစဉ်တွေအတွင်း ရလဒ်တွေ ဆိုးရွှားလို့နေပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၆)ပွဲအတွင်းမှာ နိုင်ပွဲက(၁)ပွဲသာ ရထားခဲ့ပြီး မန်စီးတီး အာဆင်နယ် ဝုလ်ဗ်နဲ့ အဲဗာတန်အသင်းတွေကို ရှုံးနိမ့်ထားခဲ့ကာ ဗီလာနဲ့ပွဲမှာလည်း သရေသာကျထားခဲ့ရပါတယ်။