ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ် ကတော့ ယနေ့မနက်မှာ ချန်ပီယံလိဂ် အုပ်စုအဆင့်အဖြစ် ကစားခဲ့တဲ့ ရန်းနက်စ်အသင်းနဲ့ ပွဲစဉ်မှာ အနိုင် ရရှိခဲ့အပြီးမှာတော့ အသင်းရဲ့ တိုက်စစ်မှူးသစ် ဗာနာဟာ အသင်းရဲ့ ပင်နယ်တီ ကန်သွင်းသူ အသစ် ဖြစ်ကြောင်း အတည်ပြု ပြောကြား သွားခဲ့ပါတယ်။ ယခင်က ချယ်လ်ဆီးအသင်းရဲ့ ပင်တိုင် ပင်နယ်တီ ကန်သွင်းသူဟာ ကွင်းလယ်လူ ဂျော်ဂျင်ဟို ဖြစ်ပေမယ့် ဂျော်ဂျင်ဟိုဟာ နောက်ဆုံး ကန်သွင်းတဲ့ ပင်နယ်တီတွေမှာ လွဲချော်မှုတွေ ရှိလာတာကြောင့် ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်ဟာ အသင်းရဲ့ ပင်တိုင် ပင်နယ်တီ ကန်သွင်းသူကို ပြောင်းလဲခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

ဗာနာကတော့ ချယ်လ်ဆီးအသင်း အတွက် နောက်ဆုံး ကန်သွင်းခွင့် ရလာတဲ့ ပင်နယ်တီ သုံးကြိမ်စလုံး ကို ဂိုးဝင်အောင် ကန်သွင်းထားနိုင်သူ ဖြစ်ပြီး ယနေ့မနက်မှာ ကစားခဲ့တဲ့ ရန်းနက်စ်အသင်းနဲ့ ပွဲစဉ်မှာလည်း ရရှိလာတဲ့ ပင်နယ်တီ နှစ်ဂိုးစလုံးကို ဝင်အောင် ကန်သွင်း နိုင်ခဲ့ပါတယ်။ ရန်းနက်စ် အသင်းနဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်း အတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၁၀မိနစ်နဲ့ ၄၁မိနစ်တွေမှာ ပင်နယ်တီကနေ တဆင့် ဗာနာက သွင်းယူပေးခဲ့ပြီး ပွဲကစားချိန် ၅၁မိနစ်မှာ အေဗရာဟမ်က သွင်းယူပေးခဲ့တာပါ။ ရန်းနက်စ် အသင်းနဲ့ ပွဲစဉ် အပြီးမှာ အသင်းရဲ့ ပင်တိုင် ပင်နယ်တီ ကန်သွင်းသူ ပြောင်းလဲသွားတဲ့ အကြောင်းကို လမ်းပတ်က –

Photo Credit: Metro

“ပထမဦးဆုံး ကျွန်တော်ဟာ ဂျော်ဂျင်ဟိုနဲ့ စကားပြောခဲ့ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူဟာ သူ့ရဲ့ ကစားသမားဘဝနဲ့ ချယ်လ်ဆီးအသင်း အတွက် ပင်နယ်တီ ကန်သွင်းတဲ့ နေရာမှာ ထူးချွန်ခဲ့တာကြောင့်ပါ။ ဒါပေမယ့် လတ်တလောမှာ သူ့ရဲ့ လွဲချော်မှုတွေက စိတ်လာပါတယ်။ ဒါ့ကြောင့် အပြောင်းအလဲ လုပ်ရမယ့် အချိန်လို့ ကျွန်တော် ထင်ခဲ့ပါတယ်။ ဂျော်ဂျီ(ဂျော်ဂျင်ဟို)ရဲ့ အဖြေကလည်း ကျွန်တော် မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ သူက ပင်နယ်တီကနေ တဆင့် သွင်းဂိုးတွေ ရယူချင်ရုံပါပဲ။ ဒီတော့ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး သူ အဆင်ပြေပါတယ်။ ပြီးတော့ ဗာနာက ပင်နယ်တီ ကန်သွင်းသူ ဖြစ်လာတယ်။ ရန်းနက်စ် အသင်းနဲ့ ပွဲစဉ်မှာလည်း အကောင်းဆုံး သူက အကောင်းဆုံး လုပ်ဆောင် နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ သွင်းဂိုးတွေ သွင်းယူနိုင်တာကို ပျော်ရွှင်မိသလို အသင်းမှာ ကောင်းမွန်တဲ့ ပင်နယ်တီ ကန်သွင်းသူတွေ ရှိနေတာကြောင့် ကျေနပ်မိပါတယ်။ အခုကတော့ ဗာနာရဲ့ အချိန်ပါ။ သူဟာ အသင်းရဲ့ အဓိက ပင်နယ်တီ ကန်သွင်းသူပဲ ဖြစ်ပါတယ်” လို့ ပြောကြား သွားခဲ့တာပါ။