ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်ကတော့ မနက်ဖြန်ည ၁၁နာရီခွဲအချိန်မှာ FAဖလား ဆီမီးဖိုင်နယ်ပွဲ အဖြစ် သူတို့အသင်းနဲ့အတူ ယှဉ်ပြိုင် ကစားသွားရမယ့် မန်ယူအသင်းဟာ VARရဲ့ ဦးစားပေးမှုကို ရရှိနေတယ်လို့ ဝေဖန်သွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ မန်ယူအသင်းတို့ဟာ မနက်ဖြန်ည မှာတော့ လက်ရှိ ဘောလုံးရာသီရဲ့ စတုတ္ထအကြိမ်မြောက် တွေ့ဆုံမှုအဖြစ် တွေ့ဆုံကြမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ သုံးကြိမ်တွေ့ဆုံမှုမှာတော့ မန်ယူအသင်းကသာ သုံးကြိမ်စလုံးကို အနိုင် ရရှိထားတာကြောင့် ဆီမီးဖိုင်နယ်ပွဲစဉ် ဟာ ချယ်လ်ဆီးအသင်း အတွက် ဖလားတစ်လုံး တိုက်ပွဲ ဖြစ်နေသလို ဂုဏ်သိက္ခာပိုင်းအရလည်း မန်ယူအသင်းကို အနိုင် ကစားဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။

Photo Credit: Goal

မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ယခုတစ်ကြိမ် မတွေ့ဆုံမီ ပရီးမီးယားလိဂ်မှာ ၂ကြိမ် ၊ EFL ဖလားပွဲမှာ ၁ကြိမ် တွေ့ဆုံခဲ့ကြပြီး မန်ယူအသင်းဟာ ချယ်လ်ဆီးအသင်းကို ၄-၀ ၊ ၁-၂ ၊ ၀-၂ ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ယခုတစ်ကြိမ် တွေ့ဆုံမှုဟာ ဖလားတစ်လုံးကို ရယူဖို့အတွက် အတော်လေး အရေးကြီးတဲ့ ဆီမီးဖိုင်နယ်အဆင့် ပွဲတစ်ပွဲ ဖြစ်သလို အသင်းကြီးနှစ်သင်းပွဲစဉ် ဖြစ်တာကြောင့် ပွဲစဉ်မစတင်မီကတည်းက နှစ်ဖက် အသင်းရဲ့ နည်းပြတွေဟာ စကားလုံးတိုက်ပွဲကို ဆင်နွှဲဖို့ ကြိုးစားနေကြပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် က စကားလုံးတိုက်ပွဲကို စတင် ပြုလုပ်ခဲ့ပြီး မန်ယူ အသင်းဟာ VAR စနစ်ရဲ့ ဦးစားပေးမှုကို ခံနေရတယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Goal

VARဟာ မန်ယူအသင်းကို ဦးစားပေးနေတဲ့ အကြောင်းကို လမ်းပတ်က ” ဒိုင်လူကြီးတွေ ဟာ အသင်းကြီးတွေကို ဦးစားပေးတတ်တယ် လို့ လူတွေက ပြောကြပါတယ်။ ဘာလို့လဲ ဆိုတော့ ဖိအားတွေ ဒါမှမဟုတ် ပရိသတ်တွေရဲ့ ဖိအားပေးမှုတွေကြောင့်လို့ ဆိုပြီး ပြောနေကြပါတယ်။ အဲ့ဒီ နေ့ရက်တွေက ကုန်လွန်သွားပါပြီ။ VAR စနစ်ဟာ အသင်းတိုင်းကို ညီတူညီမျှ ဖြစ်အောင် ကြိုးစား လုပ်ဆောင်ပေးနေတဲ့ စနစ် တစ်ခု ဖြစ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ဖို့ အကူအညီ ပေးနေပါတယ်။ ဒါပေမယ့် VAR စနစ်မှာ ဆုံးဖြတ်ချက် ချဖို့အတွက် လူသားတွေ ပါနေတုန်းပါပဲ။ အဲ့ဒီအချက်ကြောင့်ပဲ တချို့ နေရာတွေမှာ နည်းနည်းလေး ရှုပ်ထွေးခဲ့ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ဖြစ်ခဲ့တဲ့ ကိစ္စ တစ်ခုဆိုရင် အခုထိ ဝေဖန်ခံနေရတုန်းပါပဲ။ လူတချို့ ကတော့ ဒီကိစ္စကို နည်းနည်းလေး ထူးဆန်းတယ်လို့ ခံစားမိနေမှာ သေချာပါတယ်။ ဒါပေမယ့် VAR စနစ်ဟာ ဒီထက်ပိုပြီး မျှတမှု ရှိသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ မန်ယူ အသင်းဟာ VAR စနစ်ရဲ့ ဦးစားပေးမှုကို ခံနေရပါတယ်။ တကယ်လို့ မနက်ဖြန်ညမှာ VARက ကျွန်တော်တို့အသင်းကို ဦးစားပေးခဲ့ရင် ဒါက တော်တော်လေး ကောင်းမှာပါပဲ ” လို့ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။