ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည် အသင်းတွေထဲက တသင်း ဖြစ်တဲ့ အဲဗာတန်ရဲ့ နည်းပြဖြစ်သူ ဖရန့် လမ်းပတ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးကို ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားတွေ အနေနဲ့ ရလဒ်ကောင်းတွေ ရချင်ရင် ယခုထက် ပိုပြီး စည်းလုံး ညီညွတ်မှု ရှိရန် လိုအပ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက် ဆိုသလို ကြုံတွေ့နေရတဲ့ အဲဗာတန်ဟာ စပါးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ခြေစွမ်းချင်း မယှဉ်နိုင်ခဲ့သလို ခံစစ်ကြောင်းကလည်း အမှားအယွင်းတွေ များခဲ့တာကြောင့် ပေးဂိုး ၅ဂိုး အထိ ခွင့်ပြုခဲ့ရပြီး ခြေပြတ် ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။

Photo Credit: Daily Mail

အဆိုပါရှုံးပွဲဟာ လမ်းပတ်ရဲ့ အဲဗာတန်နည်းပြဘဝ ၄ပွဲမြောက် ပရီးမီးယားလိဂ် ရှုံးပွဲ ဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ၅ပွဲမှာ ၁ပွဲနိုင် ၄ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးကြောင့်ပဲ အဲဗာတန်ဟာ အမှတ်ပေးဇယားရဲ့ အဆင့်၁၇နေရာ အထိ ရောက်ရှိနေကာ တန်းဆင်းဇုန် အန္တရာယ်နဲ့လည်း ရင်ဆိုင်နေရပါတယ်။

ဒါကြောင့်ပဲ စပါးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ လမ်းပတ်က သူတို့အသင်းဟာ တန်းဆင်းဇုန် အန္တရာယ်ကို ကျော်ဖြတ်နိုင်ဖို့ အဆင်သင့် ဖြစ်ရန် လိုအပ်ကြောင်းနဲ့ ကစားသမားတွေကလည်း ရလဒ်ကောင်းတွေ ရချင်ရင် ပိုမို စည်းလုံးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit: Daily Mail

လမ်းပတ်က – “ကျွန်တော်တို့တွေက အရှေ့ကို လှမ်းမျှော်ကြည့်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့တွေ ၁၃ပွဲ ကစားဖို့ ကျန်သေးတယ်။ အဲ့ဒီထဲကမှ ၈ပွဲက အိမ်ကွင်းမှာ ကစားရမယ့် ပွဲတွေပါ။ ကျွန်တော်တို့အသင်း ရောက်နေတဲ့ နေရာမှာ ခက်ခဲမှုတွေ ပြည့်နေမယ် ဆိုတာ အားလုံးလည်း သိကြပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံး အရာက အပေါင်းလက္ခဏာ ဆောင်တဲ့ ပတ်ဝန်းကျင် တခု ၊ အသင်းတခုကို ထိန်းသိမ်းနိုင်ဖို့ပါပဲ။ ကျွန်တော် မရောက်လာခင်ထဲက အသင်းတွင်းမှာ ပြဿနာတွေ ရှိနေတာကို သိပါတယ်။ အခုတော့ ဒီပြဿနာတွေကို ရှင်းရှင်းလင်းလင်း သိနေပါပြီ။ ဒါကြောင့် အသင်းသားတွေ အနေနဲ့ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ အတွက်ပဲ အာရုံစိုက်ထားသင့်ပါတယ်။ ကျွန်တော်တို့သာ စုစည်း ညီညွတ်နေမယ် ဆိုရင် ရလဒ်ကောင်းတွေ ရလာပါလိမ့်မယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။