MySport Myanmar

ဒိန်းမတ်နဲ့ပွဲမှာ မိန်းနူးကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသွားဖို့ လမ်းပတ် အကြံပြု

အင်္ဂလန်အသင်းအနေနဲ့ ဒိန်းမတ်အသင်းနဲ ရင်ဆိုင်သွားရမယ့် ယူရို-၂၀၂၄ အုပ်စုပွဲစဉ် (၂)မှာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် လူငယ် ကစားသမားလေး ကိုဘီ မိန်းနူးကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်း အသုံးပြုသွားသင့်တယ်လို့ အင်္ဂလန် ကစားသမားဟောင်းကြီး ဖရန့် လမ်းပတ်က အကြံပြု ပြောဆိုလိုက်ပါတယ်။

အသက် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ကစားသမားလေး မိန်းနူးဟာ ပြီးခဲ့တဲ့ရာသီမှာပဲ ယူနိုက်တက် စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရရှိခဲ့ရင်း အသင်းမှာ နေရာ တောက်လျှောက် ရရှိတဲ့အထိ အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသနိုင်ခဲ့တဲ့အပြင် အခုလည်း အင်္ဂလန်ရဲ့ ယူရိုပြိုင်ပွဲ ကစားသမားစာရင်းမှာပါ ရွေးချယ်ခံခဲ့ရပါတယ်။

Photo Credit : The Guardian

ဒါပေမယ့် မိန်းနူးက အင်္ဂလန်ရဲ့ အုပ်စုအဖွင့်ပွဲဖြစ်တဲ့ ဆာဘီးယားနဲ့ပွဲမှာ ပွဲပြီးခါနီး မိနစ်ပိုင်းလေးသာ ကစားခဲ့ရကာ အင်္ဂလန်က အဲ့ဒီပွဲစဉ်မှာတော့ ကွင်းလယ်ပိုင်းအတွက် ဒက်ကလန်ရိုက်နဲ့ အာနိုးတို့ကိုပဲ အသုံးပြုသွားခဲ့ပါတယ်။ လာမယ့်ပွဲစဉ်မှာတော့ အင်္ဂလန်က ဒိန်းမတ်နဲ့ အုပ်စုတက်ရေး အရေးပါတဲ့ ပွဲစဉ်ကို ကစားသွားရမှာဖြစ်ပြီး အဲ့ဒီပွဲမှာ မိန်းနူးကို အသုံးပြုသင့်တယ်လို့ လမ်းပတ်က အကြံပြုလိုက်ပါတယ်။

“အသင်းမှာက ကွင်းလယ်ပိုင်းနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိနေသလို အထူးသဖြင့် ကွင်းလယ်မှာ ထရန့်(အာနိုး)ရဲ့နေရာက မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။ ကျွန်တော်က သူရဲ့အမာခံ ပရိသတ် ဖြစ်ပေမယ့်လည်း သူက အဲ့ဒီနေရာမှာ ကစားဖို့အတွက် မတူညီတဲ့ အချက်တွေ အများကြီး ရှိတယ်ဆိုတာ နားလည်ထားရပါမယ်။”

Photo Credit : The Sun

“သူက ကွင်းလယ်ပိုင်းမှာ ကစားနေရင်း အရှေ့ကို နည်းနည်းရောက်သွားရင် ခံစစ်ပိုင်းမှာ ဖိအားပေးခံရမှုတွေ အများကြီး ရှိနေတက်တယ်။ ဒါကြောင့် ဒီနေရာအတွက် ကျွန်တော်ကတော့ ကိုဘီ မိန်းနူးကို စဉ်းစားမိပြီးတော့ သူ့ကို ထည့်သွင်းကစားသင့်တယ်လို့လည်း ထင်မိပါတယ်။ ဒီချာတိတ်လေးတွေက တစ်ခါတစ်လေ ပေါ်လာတက်ပြီး အသင်းက ကစားသမား အုပ်စုထဲဆီ တန်းတန်းမတ်မတ် ရောက်လာရင်း အသင်းမှာ အခြေကျသွားတက်တယ်။ ကျွန်တော်ကတော့ ထရန့်ရဲ့ ကွင်းလယ်နေရာမှာ ဒီကစားသမားလေး ကစားသင့်တယ်လို့ ထင်မိပါတယ်။” လို့ လမ်းပတ်က မှတ်ချက်ပြုလိုက်ပါတယ်။

လက်ရှိမှာတော့ အင်္ဂလန်နဲ့ ဒိန်းမတ်အသင်းတို့ဟာ ယူရို-၂၀၂၄ပြိုင်ပွဲရဲ့ အုပ်စု(C)မှာ ဆာဘီးယား ဆလိုဗက်ကီးယားတို့နဲ့အတူ ကျရောက်နေရင်း အင်္ဂလန်က ဆာဘီးယားကို အနိုင်ရထားခဲ့ပေမယ့် ဒိန်းမတ်ကတော့ ဆလိုဗက်ကီးယားနဲ့ သရေသာ ကျထားခဲ့တာကြောင့် ဒီပွဲက ဒိန်းမတ်အတွက် မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေသလို အင်္ဂလန်ကလည်း ဒီပွဲကို နိုင်လိုက်တာနဲ့ အုပ်စုတက်ဖို့ လုံးဝ အခြေအနေကောင်းသွားပြီပဲ ဖြစ်ပါတယ်။

Exit mobile version