ယမန်နေ့ညမှာ ကစားခဲ့တဲ့ ရှက်ဖီးလ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ လက်ရှိ ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရယူနေခဲ့တဲ့ ရှက်ဖီးလ်အသင်းဟာ သူတို့ရဲ့ မာကျောတဲ့ ကစားဟန် တစ်ခုနဲ့အတူ ဧည့်သည် ချယ်လ်ဆီးအသင်းကို ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။ ရှက်ဖီးလ်အသင်းရဲ့ အိမ်ကွင်း ဘရာမောလိန်းကွင်းကြီးထဲမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ် မှာ ရှက်ဖီးလ်အသင်းရော ချယ်လ်ဆီးအသင်း ကပါ ကိုယ်စီကိုယ်စီ မျှော်လင့်ချက်တွေနဲ့အတူ တိုက်ပွဲ ဝင်ခဲ့ကြပြီး ရှက်ဖီးလ်အသင်းဟာ ပိုမို ကောင်းမွန်တဲ့ တိုက်ပွဲဝင် စိတ်ဓာတ် ၊ အသင်းလိုက် စည်းလုံးညီညွတ်မှုတွေနဲ့အတူ ချယ်လ်ဆီး အသင်းကို အနိုင်ရရှိသွားခဲ့တာ ဖြစ်ကာ ဥရောပပြိုင်ပွဲဝင်ခွင့်ကို ရရှိဖို့အတွက် ပိုမို အခြေအနေ ကောင်းလာခဲ့ပါတယ်။

Photo Credit: Daily Express

ရှက်ဖီးလ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ် ဖြစ်တာနဲ့အညီ အဆိုပါပွဲမှာ ရှက်ဖီးလ် အသင်းရဲ့ ကစားပုံဟာ အတော်လေးကို မာကျောမှု ရှိခဲ့ပြီး ချယ်လ်ဆီးအသင်း ကတော့ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရခဲ့ပေမယ့် သေချာပေါက် သွင်းဂိုးတွေ ရရှိနိုင်တဲ့ အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့ခြင်း မရှိတာကြောင့် အရေးနိမ့်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ရှက်ဖီးလ်အသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် ၁၈မိနစ်နဲ့ ၇၇မိနစ် တို့မှာ မက်ဂိုးလ်ရစ်နဲ့ ပွဲချိန် ၃၃မိနစ်မှာ မက်ဘာနီတို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ချယ်လ်ဆီး အသင်းဘက်ကတော့ အဝေးကွင်းမှာ သွင်းဂိုး တစ်ဂိုး ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အဆိုပါပွဲ ပြီးဆုံးသွားချိန်မှာတော့ ချယ်လ်ဆီး အသင်းနည်းပြ ဖြစ်သူ လမ်းပတ်က ပြိုင်ဘက် ရှက်ဖီးလ်အသင်းဟာ သူတို့အသင်းထက် အစစ အရာရာမှာ ပိုမို ကောင်းမွန်ခဲ့ကြောင်း ဝန်ခံစကားဆိုသွားခဲ့ပါတယ်။

Photo Credit: Daily Express

ရှက်ဖီးလ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကြားမှာ ရှိတဲ့ ကွာဟချက်တွေနဲ့ ပတ်သက်ပြီး လမ်းပတ်က ” သူတို့ဟာ ကျွန်တော်တို့ထက် အများကြီး ပိုကောင်းခဲ့ပါတယ်။ ကြံ့ခိုင်မှုပိုင်း ၊ စိတ်ဓာတ်ပိုင်းနဲ့ ဘောလုံး ရှိနေတဲ့ အချိန်တွေ မှာပေါ့။ အရာအားလုံး အသာစီး မရမှတော့ ခင်ဗျား ဟာ အဲ့ဒီပွဲကို ရှုံးနိမ့်သွားပါပြီ။ သူတို့အသင်း ဟာ ကျွန်တော်တို့ထက် ပိုပြီး အင်အားကောင်းကြပါတယ်။ ဒီနေ့မှာတော့ ကွင်းထဲက အသံတွေ ကို အကျယ်ကြီး ကြားနေရပါတယ်။ ဒါပေမယ့် အဲ့ဒီအသံတွေ အားလုံးက ရှက်ဖီးလ်အသင်းဆီ ကနေပ​ဲ ထွက်လာခဲ့တာပါ။ သူတို့ဟာ စိတ်ဓာတ် ပိုင်း ဆိုင်ရာမှာ ကျွန်တော်တို့ထက် ပို ကောင်းခဲ့ပါတယ်။ ရှက်ဖီးလ်အသင်းဟာ အသင်းကောင်း တစ်သင်းပါ။ ဒါ့ကြောင့် အခုလို ပုံမှန်မဟုတ်ပဲ ဆိုးရွားတဲ့ ကစားပုံနဲ့ ဆက်လက် ကစားနေမယ် ဆိုရင် ကျွန်တော်တို့ဟာ အရှုံးတွေနဲ့ပဲ ရင်ဆိုင် ရနိုင်ပါတယ် ” လို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။