အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင် ကစားသမားလည်းဖြစ် ၊ နည်းပြဟောင်းလည်း ဖြစ်တဲ့ ဖရန့်လမ်းပတ် ကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီနဲ့ ရိုနယ်ဒိုတို့မှာ ယခင်က မက်ဆီကို သဘောကျခဲ့ပေမယ့် ယခုတော့ ရိုနယ်ဒိုကို ပိုမို သဘောကျမိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုတို့ဟာ ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ကစားသမား နှစ်ဦး အဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံထားရသူတွေ ဖြစ်ပြီး သူတို့နှစ်ဦးမှာ ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲ ဆိုတာက ဖြေဖို့ ခက်တဲ့ မေးခွန်းတခုလည်း ဖြစ်ပါတယ်။

Photo Credit: Bein Sports

 

ဘောလုံးပွဲတွေကို အနုပညာ အမြင်နဲ့ ကြည့်ရှု ခံစားလေ့ ရှိသူတွေက ကစားပုံ ညက်ညောတဲ့ မက်ဆီကို ပိုမို သဘောကျသလို ဘောလုံးပွဲတွေဟာ စစ်ပွဲလိုပဲ လို့ ယူဆကြတဲ့ လူတွေ ကတော့ အမြဲတမ်းလိုလို တက်ကြွကာ အသင်းဖော်တွေကို ဦးဆောင်နိုင်တဲ့ ရိုနယ်ဒိုကို ပိုမို သဘောကျကြပါတယ်။

ဘောလုံးလောကရဲ့ ဉာဏ်ရည်အမြင့်ဆုံး ပုဂ္ဂိုလ်တွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ လမ်းပတ် ကတော့ သူဟာ ယခင်က မက်ဆီကို ပိုမို သဘောကျခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆုဖလားတွေ အတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးနိုင်တဲ့ ရိုနယ်ဒိုကို ပိုပြီး သဘောကျလာကြောင်း သူ့ရဲ့ အမြင်ကို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Bein Sports

လမ်းပတ်က – “ ကျွန်တော်က အမြဲတမ်း မက်ဆီရဲ့ ပရိသတ် တဦး ဖြစ်ခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ ရိုနယ်ဒိုရဲ့ စွမ်းဆောင်ရည်တွေ ၊ သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေ ၊ ပွဲကြီးပွဲကောင်းတွေ ဖြစ်တဲ့ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်တို့မှာ သွင်းခဲ့တဲ့ သွင်းဂိုးတွေကို ပြန်ကြည့်မိတဲ့ အချိန်မှာတော့ ရိုနယ်ဒိုကို ပိုပြီး သဘောကျမိသွားပါတယ် “ လို့ သူ့ရဲ့ ထင်မြင်ချက်ကို ပြောပြသွားခဲ့တာပါ။