ယမန်နေ့မှာတော့ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ဆိုသလို တွေ့ကြုံနေတာကြောင့် သူတို့အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦးလည်းဖြစ် နည်းပြလည်း ဖြစ်တဲ့ ဖရန့်လမ်းပတ်ကို အသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ် သွားခဲ့ပါတယ်။ ဖရန့်လမ်းပတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းကို အကယ်ဒမီ လူငယ် ကစားသမားတွေနဲ့ ရှိရင်းစွဲ ကစားသမားတွေကို ပေါင်းစပ်ပြီး အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သလို အက်ဖ်အေဖလား ဗိုလ်လုပွဲကိုလည်း ပို့ဆောင် ပေးခဲ့ပါတယ်။ ဒါပေမယ့် လမ်းပတ်ရဲ့ ချယ်လ်ဆီးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ပွဲမှာ ၅ပွဲအထိ အရေးနိမ့် ခဲ့တာကြောင့် လမ်းပတ်ဟာ ရလဒ်ဆိုးတွေရဲ့ တရားခံ ဖြစ်သွားခဲ့ပါတယ်။

 

 

Photo Credit: Express

လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းဟာ လမ်းပတ်ရဲ့ နေရာမှာ ပီအက်စ်ဂျီ အသင်းရဲ့ နည်းပြဟောင်း တစ်ဦး ဖြစ်သူ သောမတ်စ် တူချယ်ကို ခန့်အပ်တော့မှာ ဖြစ်ပြီး မကြာမီမှာပဲ တူချယ်ဟာ အင်္ဂလန်နိုင်ငံဆီ ရောက်လာတော့မှာပါ။ လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် လမ်းပတ်ဟာ အသင်းရဲ့ နည်းပြဟောင်း တစ်ဦးဖြစ်သူ ဗီလာ-ဘိုအာ့စ်ကို ဝေဖန်ခဲ့တဲ့ အတိုင်း သူ့အလှည့်မှာ ပြန်ပြီး ဝဋ်လည်ခဲ့တာ ဖြစ်ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ ပေါ်တူဂီလူမျိုး နည်းပြတစ်ဦး ဖြစ်တဲ့ ဗီလာ-ဘိုအာ့စ်ဟာ ချယ်လ်ဆီးအသင်းကို ၂၀၁၂ ခုနှစ်မှာ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး အဆိုပါအချိန်က ဘိုအာ့စ်ဟာ ဥရောပရဲ့ အထွန်းတောက်ဆုံး လူငယ်နည်းပြတွေ ထဲက တစ်ဦးဖြစ်ပေမယ့် ချယ်လ်ဆီးအသင်း မှာတော့ အောင်မြင်မှု မရရှိခဲ့ပါဘူး။

Photo Credit: Express

အထူးသဖြင့် ဘိုအာ့စ်ဟာ အသင်းရဲ့ ဝါရင့် ကစားသမားတွေ ဖြစ်တဲ့ လမ်းပတ် ၊ ဒရော့ဘာတို့နဲ့ ဆက်ဆံရေး အဆင်ပြေခဲ့ခြင်း မရှိပဲ သူ့ရဲ့ နည်းပြအာဏာကို ထုတ်သုံးဖို့ ကြိုးစားရာ ကနေ အသင်းတွင်း စည်းလုံးမှု ပြိုကွဲကာ ချယ်လ်ဆီးအသင်းဟာ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အဲ့ဒီနောက်မှာ အသင်းဟာ ဘိုအာ့စ်ကို နည်းပြရာထူး ကနေ ထုတ်ပယ်ခဲ့ပါတယ်။ ဘိုအာ့စ် တစ်ယောက် ချယ်လ်ဆီးအသင်းရဲ့ နည်းပြ ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် ၂၀၁၄ခုနှစ်မှာတော့ လမ်းပတ်က ဘိုအာ့စ်ကို လှောင်ပြောင် ပြောဆိုမှုတချို့ ပြုလုပ် သွားခဲ့ပါတယ်။ လမ်းပတ်က “ဘိုအာ့စ်က သူ့ရဲ့ နည်းလမ်းတွေ အတိုင်း ကစားခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေက အလုပ် မဖြစ်ခဲ့ပါဘူး။ သူက ဒီအလုပ်ကို လုပ်ကိုင်ဖို့ အသက်ငယ်သေးတာလား ဒါမှမဟုတ် ဒီအလုပ်ကို လက်ခံဖို့ အရမ်း စောသေးတာလား ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး” ဆိုပြီး ပြောကြား သွားခဲ့တာပါ။ ယမန်နေ့မှာတော့ လမ်းပတ်ဟာ ဘိုအာ့စ်ကို ပြောခဲ့တဲ့ အတိုင်း သူကိုယ်တိုင် ဝဋ်လည်ခဲ့တာ ဖြစ်ပြီး ချယ်လ်ဆီးအသင်းက လမ်းပတ်ဟာ အသင်းရဲ့ နည်းပြရာထူးကို လက်ခံဖို့ အတွက် အရမ်းစောသေးတယ် လို့ ယူဆကာ လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။