ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ် ကတော့ ယခု ရက်ပိုင်းမှာ သူတို့အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်နေတဲ့ ဂျာမန် ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းရဲ့ ကစားသမား ဟားဗက် ကို ခေါ်ယူဖို့အတွက် သူတို့အသင်းဘက်က ကမ်းလှမ်းမှုတွေကို မပြုလုပ်ထားပါဘူးလို့ ငြင်းဆို သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ချယ်လ်ဆီး အသင်းဟာ လစ်ဇက်တိုက်စစ်မှူး ဝါနာကို ခေါ်ယူခဲ့ပြီး နောက် လေဗာကူဆင်အသင်းရဲ့ လူငယ် ကွင်းလယ်တိုက်စစ် ကစားသမား ဟားဗက်ကို ပြောင်းရွှေ့ကြေး ပေါင်၇၅သန်းနဲ့ ခေါ်ယူတော့မယ်လို့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်နေခဲ့တာ ဖြစ်ကာ ချယ်လ်ဆီးအသင်း ရဲ့ ပရိသတ်တွေကလည်း အဆိုပါသတင်းနဲ့ ပတ်သတ်ပြီး အတော်လေး ရင်ခုန် စိတ်လှုပ်ရှား နေကြပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ ချယ်လ်ဆီးအသင်း နည်းပြ ဖြစ်သူ လမ်းပတ်က ကိုင်ဟားဗက်ဟာ ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်ပေမယ့် သူတို့ အသင်းဘက်က ကိုင်ဟားဗက်ကို ကမ်းလှမ်းမှုတွေ ပြုလုပ်ထားခြင်း မရှိဘူးလို့ ဝန်ခံပြောဆို သွားခဲ့ပါတယ်။ လမ်းပတ်ဟာ မန်စီးတီး အသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ရတဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲ မှာ ဟားဗက်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ပြောဆိုသွားခဲ့တာ ဖြစ်ကာ လန်ဒန်မြို့ အခြေစိုက် ဘောလုံး သတင်းဌာန အများစုကတော့ လမ်းပတ်ဟာ လက်ရှိအချိန်မှာ ဟားဗက်အတွက် ကမ်းလှမ်းမှု မပြုလုပ်ရသေးတာကိုပဲ ရည်ညွှန်းတာ ဖြစ်ပြီး နွေအပြောင်းအရွှေ့ရာသီမှာတော့ ကျိန်းသေ ကမ်းလှမ်းမှု ပြုလုပ်လိမ့်မယ်လို့ သုံးသပ် ဆွေးနွေးသွားကြပါတယ်။ အသက်၂၀ အရွယ်သာ ရှိတဲ့ ဟားဗက်ဟာ လက်ရှိ ဘောလုံးရာသီမှာ ဘွန်ဒက်လီဂါပွဲစဉ် ၂၉ပွဲ ပါဝင် ကစားပေးထားရာမှာ ၁၂ဂိုး သွင်းယူထားနိုင်ပြီး ၆ဂိုးအထိ ဖန်တီးပေးထားနိုင်သူပါ။

Photo Credit: Express

ဟားဗက်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ သတင်းတွေနဲ့ ပတ်သတ်ပြီး လမ်းပတ်က ” ဟားဗက် ဟာ တကယ့် ထိပ်တန်း ကစားသမားတစ်ဦးပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာ တခြားအသင်းမှာ ရှိတဲ့ ကစားသမားတွေရဲ့ အကြောင်းကို ပြောဆိုလို့ မရပါဘူး။ ပြီးတော့ ကျွန်တော်တို့တွေ အာရုံစိုက်ထားရမယ့် အရာတွေလည်း ရှိပါတယ်။ ဟားဗက်နဲ့ ပတ်သတ်ပြီး ကမ်းလှမ်းမှုတွေက တစ်ခုမှ ရှိမနေခဲ့ပါဘူး။ နွေအပြောင်းအရွှေ့ ရာသီ မတိုင်မီမှာ ကျွန်တော်တို့တွေ အပြီးသတ် ရမယ့် ပွဲစဉ်တွေ ရှိနေပါသေးတယ်။ ဒါ့ကြောင်​့ လက်ရှိမှာတော့ ပွဲစဉ်တွေကိုပဲ အာရုံစိုက်ထားပါတယ် ” လို့ ဆိုသွားခဲ့တာပါ။ ဆက်စပ်သတင်း အရတော့ ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ ဝါရင့် တောင်ပံကစားသမား ဝီလီယံကို ရာသီကုန်အထိ အသင်းမှာ ဆက်ရှိစေဖို့ ကာလတို စာချုပ်တစ်ခု ချုပ်ခဲ့ကြောင်း သိရပါတယ်။