ဒီနှစ်ဘောလုံးရာသီအစပိုင်းကမှ ဘွန်ဒစ်လီဂါထိပ်သီးကလပ် လိုက်ပ်ဇစ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာကတော့ လက်ရှိအချိန်မှာ အသင်းအတွက် သွင်းဂိုးသွင်းယူပေးနိုင်ဖို့ ရုန်းကန်နေရပြီး အခုဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း သူရဲ့သွင်းဂိုးတွေကို မမြင်တွေ့ခဲ့ရတာဟာ (၁၀)ပွဲဆက်တိုက်တောင် ရှိလာခဲ့ပြီဖြစ်လို့ သူ့ကို ပရိသတ်တချို့ကနေ အသင်းနဲ့ အံ့မဝင်ခဲ့တဲ့ တိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ်နဲ့ ခိုင်းနှိုင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ဘောလုံးသမားဘဝကနေ အနားယူလိုက်ပြီဖြစ်တဲ့ စပိန်တိုက်စစ်မှူးဟောင်းကြီး တောရက်စ်ဟာ ၂၀၁၁ခုနှစ်ကမှ လီဗာပူးလ်ကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ကြေးများစွာနဲ့ ရောက်ရှိလာခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်အပါအဝင် ဆုဖလားတွေကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ၂၀၁၂-၂၀၁၃ဘောလုံးရာသီအတွင်း ပြိုင်ပွဲစုံ(၂၂)သွင်းယူခဲ့တဲ့ ရာသီကလွဲရင် ကျန်တဲ့ဘောလုံးရာသီ(၃)ခုမှာ အသင်းအတွက် သွင်းဂိုးတွေ ရယူပေးနိုင်ဖို့ ရုန်းကန်ခဲ့ရလို့ အေစီမီလန် အသက်လက်တီကိုအသင်းတွေဆီ အငှားချခဲ့ရကာ နောက်ဆုံးမှာတော့ သူရဲ့အသင်းဟောင်း အသက်လက်တီကိုဆီကို ပြန်လည်ရောင်းချခဲ့ရပါတယ်။

Photo Credit : Goal

လက်ရှိမှာလည်း အသင်းအတွက် ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူထားခဲ့ရတဲ့ ဝါနာက ဂိုးပေါက်ပျောက်ဆုံးလျက် ရှိနေတာကြောင့် သူ့ကို တောရက်စ်နဲ့ ခိုင်းနှိုင်းပြီးပြောဆိုနေကြတဲ့အတွက် ချယ်လ်ဆီးနည်းပြ လမ်းပတ်ကတော့ ပယ်ချသွားခဲ့ပါတယ်။ လမ်းပတ်က “ကစားသမားတိုင်းက သူတို့ရဲ့ကစားသမားဘဝအတွင်းမှာ ဒီလိုအတွေ့အကြုံမျိုးတွေနဲ့ ရင်ဆိုင်တတ်ပါတယ်။ ဒီလို ဖြစ်လာပြီဆိုရင်လည်း အားလုံးက အကြည့်တွေက ဒီအရာပေါ်ကို ရောက်လာတတ်သလို ချဲ့ကားပြောဆိုမှုတွေလည်း ဖြစ်လာရပါတယ်။ ကျွန်တော်လည်း သူနဲ့အတူ အလုပ်တွေလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်သူ့ကို ဘယ်ကစားသမားနဲ့မှ ခိုင်းနှိုင်းနေမှာ မဟုတ်ပါဘူး။ ကစားသမားတိုင်းက ခြားနားကြပါတယ်။ တောရက်စ်က ဒီမှာ ခက်ခဲတဲ့အချိန်တွေ ရှိခဲ့ဖူးတယ်ဆိုပေမယ့်လည်း သူက ချန်ပီယံလိဂ်ဖလားတော့ ရယူပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ တီမိုရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ရရှိလာဖို့အတွက် ပတ်ဝန်းကောင်းတစ်ခုကို ဖန်တီးပေးသွားရမှာပါ။ သူအနေနဲ့ကလည်း ထပ်ခါထပ်ခါ ဆက်ကြိုးစားဖို့ လိုအပ်သလို အာရုံစိုက်ထားဖို့လည်း လိုပါမယ်။ သူ့အတွက်ကိုလည်း ကျွန်တော့်ဘက်ကနေ အပြုသဘောဆောင်တွေ ပေးစွမ်းဖို့ လိုအပ်ပါလိမ့်မယ်” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဝါနာဟာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ(၂၆)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၉)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။