ယမန်နေ့ညမှာ ကစားခဲ့တဲ့ ဘန်လေနဲ့ ပွဲစဉ်မှာတော့ ချယ်လ်ဆီး အသင်းဟာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးတော့ ထိုပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဇီရက်ရှ် ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ချယ်ဆီးအသင်း နည်းပြ လမ်းပတ် က အထူးတလည် ချီးကျုးသွားခဲ့ပါတယ်။ ဇီရက်ရှ်ဟာ ဖေဖော်ဝါရီလမှာ အေဂျက်အသင်း ကနေ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ အကြိုစာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီးတော့ နွေရာသီ အပြောင်းအရွှေ့မှာမှ ချယ်လ်ဆီး အသင်းဆီကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရာသီ အစမှာပဲ ဒူးဒဏ်ရာ ရရှိခဲ့တာ ကြောင့် အင်္ဂလိပ် ဘောလုံးလောက ရဲ့ အရသာကို ထိတွေ့ဖို့ စောင့်ဆိုင်း ခဲ့ရပါတယ်။

Photo Credit: Metro

ဇီရက်ရှ်ဟာ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ခရက်နိုဒါအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာလည်း ပါဝင် ကစားခွင့် ရရှိခဲ့ပြီးတော့ သွင်းဂိုး တစ်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း အသင်းရဲ့ ၁၁ ယောက် ပွဲထွက်လူစာရင်းမှာ ပါဝင် ခွင့်ရရှိခဲ့ပြီး ၁ ဂိုး သွင်းယူနိုင်ခဲ့ကာ ၁ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဇီရက်ရှ်ဟာ ချယ်လ်ဆီးအသင်းရဲ့ ခြောက်ပွဲဆက် မရှုံးနိမ့်သေးတဲ့ ပွဲစဉ်တွေမှာ နှစ်ပွဲ ပါဝင် ကစားပေးထားပြီး လမ်းပတ်ကတော့ ဇီရက်ရှ် ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ဝမ်းသာနေတယ်လို့ ဆိုပါတယ်။

Photo Credit: Metro

“ ကျွန်တော်သူ့ကို အများကြီး မျှော်လင့်ထားပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်က သူ့ခြေစွမ်းကို သိလို့ အသင်းကို ခေါ်ယူခဲ့တာပါ။ သူ့ရဲ့ ဘောလုံး ပေးပို့မှုတွေ၊ ဘောလုံးလက်ခံ သေသပ်တာတွေ၊ ဂိုးဖန်တီးမှုတွေ နဲ့ ကျွန်တော်တို့ အတွက် မတူညီတဲ့ အရည်အသွေးတွေ ယူဆောင်လာပေးပါတယ်။ သူ ဒီကို ရောက်ရှိလာကတည်းက ကျွန်တော် မြင်ခဲ့ရတာက သူ့ရဲ့ စရိုက်လက္ခဏာတွေပါ။ သူက ဘောလုံးနဲ့ ပတ်သက်ပြီး တော်တော်လေးကို ကြိုးစားပါတယ်။ သူက ဒီအရည်အချင်းတွေကို ဒီကို ယူဆောင်လာနိုင်ပြီးတော့ ကျွန်တော်တို့ အတွက် နိုင်ပွဲတွေ ကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။ ဒါက သူ့အတွက် တော်တော်လေး အစ ကောင်းပါတယ် ”

Photo Credit: Metro

လမ်းပတ် အနေနဲ့ မူလက ၁၁ ယောက် ပွဲထွက်လူစာရင်းမှာ ပါဝင် ခဲ့ပေမယ့် ပွဲမစခင် မှာ တီမိုဝါနာ နဲ့ အစားထိုးခံခဲ့ရတဲ့ ခရစ်စ်ရှန် ပူလီဆစ်ရဲ့ သတင်းနဲ့ ပတ်သက်ပြီးလည်း ပြောပြခဲ့ပါတယ်။ “ ခရစ်စ်ရှန် ရဲ့ ဒူးကောက်ကြောက အနည်းငယ် နာနေပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ လူစာရင်းက ထုတ်ပယ်လိုက်ရတာပါ။ သူ ကစားနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အနေနဲ့ သူ့ကို စစ်ဆေးကြည့်ရပါအုန်းမယ်။ ဒါကြောင့်မို့ စစ်ဆေးမှု မပြီးခင်အထိ ခင်ဗျားတို့ကို သူ ဘယ်ချိန်မှာ ပြန်ကစားနိုင်မယ်ဆိုပြီး မပြောနိုင်သေးပါဘူး ” လို့ ဆိုခဲ့ပါတယ်။