ပရီးမီးယားလိဂ် နာမည်ကြီး အသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ် ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူတို့အသင်းအတွက် လက်စွမ်းပြ နိုင်ခဲ့တဲ့ ဂိုးသမားသစ် မန်ဒီဟာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာနဲ့ ထိုက်တန်တဲ့ လက်စွမ်းကို ပြသနိုင်ခဲ့ကြောင်း ပွဲအပြီးမှာ ချီးကျူး သွားခဲ့ပါတယ်။ ယခုတစ်ပတ်မှာတော့ ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ မဟာ ပြိုင်ဘက်အသင်း ဖြစ်တဲ့ မန်ယူအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရပြီး ကစားပုံပိုင်းမှာ အသာစီး မရခဲ့ပေမယ့် ဂိုးသမားသစ် မန်ဒီရဲ့ လက်စွမ်းတွေ ၊ သီယာဂို ဆေးလ်ဗား ဦးဆောင်တဲ့ မာကျော ကျစ်လျစ်တဲ့ ခံစစ် ကစားပုံတွေကြောင့် ပေးဂိုး မရှိခဲ့ပဲ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ အသင်းရဲ့ ဂိုးပေါက်ကို ကာကွယ်ခဲ့ရတဲ့ မန်ဒီဟာ ချယ်လ်ဆီးအသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း သက်သေပြ သွားနိုင်ခဲ့ပြီး မန်ယူအသင်းရဲ့ အပိုင် ကန်သွင်းချက်တွေကို အမိအရ ကာကွယ် သွားခဲ့ပါတယ်။ အထူးသဖြင့် ရက်ဖို့ဒ်နဲ့ တစ်ဦးချင်း ရင်ဆိုင်တွေ့ရာမှာ ကာကွယ်နိုင်မှု ၊ ပထမပိုင်း ပွဲကစားချိန် ပြီးဆုံးခါနီးမှာ မာတာရဲ့ လှပတဲ့ ဝေ့ဝိုက်ကန်သွင်းချက် ၊ ဒုတိယပိုင်း ပွဲကစားချိန် ပြီးဆုံးခါနီးမှာ ရက်ဖို့ဒ်ရဲ့ ဝေ့ဝိုက် ကန်သွင်းချက်တွေကို ကာကွယ်နိုင်ခဲ့မှုတွေဟာ မန်ဒီရဲ့ အရည်အသွေးကို ပြသခဲ့တဲ့ အရာတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ချယ်လ်ဆီး အသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်က ပွဲပြီး အင်တာဗျူးမှာ မန်ဒီရဲ့ လက်စွမ်းကို ချီးကျူး သွားခဲ့ပြီး မန်ဒီရဲ့ ကာကွယ်မှုတွေ အတွက် ဂုဏ်ယူမိကြောင်းလည်း ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Standard

မန်ဒီရဲ့ ကောင်းမွန်တဲ့ လက်စွမ်းနဲ့ ပတ်သတ်ပြီး လမ်းပတ်က ” သူ့ရဲ့ လက်စွမ်းနဲ့ ပတ်သတ်ပြီး ကျွန်တော် အရမ်းကို ကျေနပ်မိပါတယ်။ သူ့ရဲ့ လက်စွမ်းက အတော်လေးကို ကောင်းခဲ့တာပါ။ ဒီလိုမျိုး အခြေအနေတွေဟာ ဂိုးသမား တစ်ဦးကို အားကိုးရတဲ့ အခြေအနေတွေပါပဲ။ ဒါက အတော်လေး ကျပ်တည်းတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ အခွင့်အရေးတွေလည်း များများစားစား မရခဲ့ပါဘူး။ ဒါပေမယ့် သူကတော့ ဘာ့ကြောင့် သူဟာ နံပါတ်တစ် ဂိုးသမား နေရာမှာ ရှိနေလဲ ဆိုတာကို ပြသ သွားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ သူ့ရဲ့ အရည်အသွေးကို သိလို့ သူ့ကို ဝယ်ယူခဲ့တာပါ။ သူဟာ ကစားခွင့်ရတဲ့ ပွဲစဉ်တွေမှာ သူ့ရဲ့ တည်ငြိမ်မှုကို ပြသ နိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်က သူ့ရဲ့ ကာကွယ်မှုတွေ အတွက် ကျွန်တော် ဂုဏ်ယူမိပါတယ် ” ဆိုပြီး ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။