ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ် ကတော့ ယနေ့ မနက် အစောပိုင်းမှာ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဆီဗီးလားအသင်းနဲ့ ပွဲစဉ်မှာ ပေးဂိုး မရှိခဲ့တဲ့ အတွက် ကျေနပ်မိကြောင်း ပွဲစဉ်အပြီးမှာ ပြောကြား သွားခဲ့ပါတယ်။ ချန်ပီယံလိဂ် အုပ်စု E အဖွင့်ပွဲစဉ် အဖြစ် ချယ်လ်ဆီးအသင်းဟာ စပိန် နာမည်ကြီး ကလပ် ဆီဗီးလားအသင်းကို အိမ်ကွင်း စတမ်းဘရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရပြီး အနိုင်ရရှိဖို့ ကြိုးစားခဲ့ပေမယ့် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိပဲ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ကာ တစ်သင်းကို တစ်မှတ််စီ ခွဲယူခဲ့ကြပါတယ်။

Photo Credit: Football London

ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ် ဖြစ်တာနဲ့အညီ နှစ်သင်းစလုံးဟာ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက် လာခဲ့သလို အနိုင်ရရှိဖို့အတွက် ကြိုးစားခဲ့ပေမယ့် သွင်းဂိုးတွေတော့ မြင်တွေ့ခဲ့ရခြင်း မရှိပါဘူး။ အထူးသဖြင့် ချယ်လ်ဆီးအသင်းနဲ့ ဆီဗီးလားအသင်းတို့ဟာ ပွဲအတွင်းမှာ ကွင်းလယ်ချင်း အားပြိုင်ခဲ့ကြတာကြောင့် သွင်းဂိုး ရနိုင်တဲ့ အခွင့်အရေးတွေ များများစားစား ဖန်တီးနိုင်ခဲဲ့ကြခြင်း မရှိပဲ ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ အိမ်ကွင်းမှာ ကစားရတဲ့ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်မှာ အနိုင်ရရှိခဲ့ခြင်း မရှိပေမယ့် လမ်းပတ်ကတော့ သူ့အသင်းရဲ့ ကစားပုံကို ကျေနပ်မှုရှိသလို ပေးဂိုးမရှိခဲ့တာကြောင့် ပျော်ရွှင်မိကြောင်း ပွဲပြီး အင်တာဗျူးမှာ ပြောဆို သွားခဲ့ပါတယ်။

Photo Credit: Football London

ဆီဗီးလားအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အသင်းရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး လမ်းပတ်က “သူတို့အသင်းဟာ အရည်အချင်း ပြည့်ဝတဲ့ အသင်းတစ်သင်းပါ။ သူတို့ဟာ အရမ်းကောင်းတဲ့ ကစားပုံတစ်ခုနဲ့ ကစားနိုင်ခဲ့ပါတယ်။ သူတို့ဟာ လာလီဂါ အသင်းတစ်သင်း ဖြစ်တဲ့အတွက် ဘေးစည်းလိုင်း တစ်လျှောက်မှာ ပေးပို့မှုများစွာ ပြုလုပ်ပြီး ကစားခဲ့ကြပါတယ်။ သူတို့ဟာ ဖြတ်တင်ဘောတွေ အများကြီး ပြုလုပ်ခဲ့သလို ကျွန်တော်တို့ဟာလည်း အဲ့ဒီ ဖြတ်တင်ဘောတွေကို ကောင်းကောင်း ကာကွယ် နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာလည်း အရမ်းကောင်းတဲ့ အခိုက်အတန့် တချို့ကို ပိုင်ဆိုင်ခဲ့ပါသေးတယ်။ ကျွန်တော့်အမြင်မှာတော့ ဒါဟာ အရမ်းကောင်းတဲ့ အသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံခဲ့ကြတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပြီး တစ်မှတ်စီ ရရှိခဲ့တာက နားလည်လို့ရတဲ့ အရာ တစ်ခုပါ။ နှစ်သင်းစလုံးဟာ ဒီရလဒ်အတွက် ပျော်ရွှင်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ခင်ဗျားက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဝင်ပြိုင်နေပြီ ဆိုရင် ခံစစ်ပိုင်းမှာ အလုပ်များများ လုပ်ဖို့ လိုအပ်ပါတယ်” ဆိုပြီး ပြောကြား သွားခဲ့တာပါ။