ကစားသမား‌တွေ အကြားမှာ ဂိုးသွင်းယူအပြီး တစ်ဦးနဲ့တစ်ဦး ပွေ့ဖက် အောင်ပွဲခံတာ၊ တစ်ဦးနဲ့တစ်ဦး လက်ဆွဲနှုတ်ဆက်တာနဲ့ လက်ဝါးချင်းရိုက်တာ တို့ကို ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက ပိတ်ပင်လိုက်ပြီးနောက် မှာတော့ ချယ်လ်ဆီး အသင်းရဲ့ နည်းပြ ဖြစ်တဲ့ ဖရန့် လမ်းပတ် က ချယ်လ်ဆီး ကစားသမားတွေ အနေနဲ့ လေ့ကျင့်ရေးကွင်းထဲမှာ အောင်ပွဲခံပုံ အသစ်တွေကို လေ့ကျင့်သွားရတော့မယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အဆိုပါ စည်းမျည်းစည်းကမ်းတွေဟာ တစ်ဦးနဲ့တစ်ဦး ထိတွေ့မှု ကို ကန့်သတ်ပြီးတော့ ဘောလုံးလောက အတွင်းမှာ ကိုဗစ် ၁၉ အန္တရာယ် ကို လျှော့ချဖို့ အတွက် ထုတ်ပြန်ထားတာ ဖြစ်ပြီးတော့ ချယ်လ်ဆီး နည်းပြလမ်းပတ် ကတော့ သူ့အနေနဲ့ အဆိုပါ တားမြစ်ချက် တွေကို ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။

Photo Credit: Football London

ပရီးမီးယားလိဂ် တာဝန်ရှိသူတွေ အနေနဲ့ ဒီတစ်ပတ် ပိတ်ရက် ပွဲစဉ်တွေ မတိုင်မီ အသင်းတွေရဲ့ မန်နေဂျာတွေ၊ နည်းပြ တွေ၊ အသင်းခေါင်းဆောင်တွေနဲ့ မကြာသေးခင်က အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ကြပြီးတော့ ကျန်းမာရေး လမ်းညွှန်ချက်တွေကို အလေးထား လိုက်နာကြဖို့ အရေးကြီးကြောင်း ပြောကြားခဲ့ကြပါတယ်။ လမ်းပတ် ကတော့ ကစားသမားတွေ အနေနဲ့ အောင်ပွဲခံတဲ့ အပေါ် အပြစ်ပေးခံရရင် စည်းကမ်းချက်တွေ အရ အဝါကဒ်ထိမှာ ဒါမှမဟုတ် နောက်တစ်ကြိမ် အဝါကဒ် ထိပြီး အနီကဒ် ပြခံရမှာ မျိုးတွေကို စိုးရိမ်နေပါတယ်။ အဆိုပါ အခြေအနေတွေကြောင့် ချယ်လ်ဆီး အသင်း ကစားသမားတွေ အနေနဲ့ အနောက် လန်ဒန်ပြိုင်ဘက် ဖူလ်ဟမ်နဲ့ ပွဲစဉ်မတိုင်ခင်မှာ ဂိုးသွင်းပြီး မတူညီတဲ့ အောင်ပွဲခံပုံ တစ်မျိုးမျိုးကို စဉ်းစားလေ့ကျင့်သွားရဖို့ ရှိနေပါတယ်။

Photo Credit: Football London

နည်းပြ လမ်းပတ်ကတော့ ချမှတ်ထားတဲ့ အဆိုပါ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲ ပြောဆိုခဲ့ပါတယ်။ “ ထောက်ခံပါတယ်၊ ကျွန်တော်ကတော့ သဘောတူပါတယ်။ ကျွန်တော်တို့ အနေနဲ့ လေ့ကျင့်ရေးကွင်းမှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေတဲ့ နည်းလမ်းကို ကျွန်တော်တို့ တတ်နိုင်သမျှ လေ့ကျင့်သွားပါမယ်။ ကွင်းဘေးဘက်ခြမ်းမှာတော့ အဲ့ဒါက အခုချိန်မှာ ခက်ခဲနိုင်ပါသေးတယ်၊ ဘာလို့လဲဆိုရင် ခင်ဗျားအနေနဲ့ တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ် လေ့ကျင့်နေဖို့ လိုအပ်တယ်လေ။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းပြီးရင် ဖြစ်ပေါ်လာတတ်တဲ့ ဗီဇနဲ့ အခိုက်အတန့် က ခင်ဗျားကို အများကြီး မဆွဲခေါ်သွားဖို့ အတွက် လေ့ကျင့်ပေးရပါမယ်။ အဲ့ဒါက ကျွန်တော် ကစားသမားတွေ အပေါ် သင်ကြားပေးသွားမယ့် အရာပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။ဆ