ဒါရင်းဘန့်ကတော့ ချဲလ်ဆီး နည်းပြ လမ်းပတ်အနေနဲ့ ဆုဖလား တစ်ခုခု မရရှိနိုင်ဘူး ဆိုရင်တော့ နည်းပြ ပိုချယ်တီနိုနဲ့ အစားထိုးခံရနိုင်တယ်လို့ ပြောသွားခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက နည်းပြတွေအနေနဲ့ လက်ရှိ ချဲလ်ဆီးအသင်းရဲ့ ကစားသမားတွေကို နည်းပြချင်ကြလိမ့်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ နည်းပြ လမ်းပတ်ဟာ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီးအသင်းကို နည်းပြခဲ့တဲ့ ပထမရာသီမှာ အဆင့် (၄) နေရာ ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရာသီက အက်ဖ်အေ ဖိုင်နယ်မှာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ဆုဖလား တစ်ခုမှ မရရှိခဲ့တာ ဖြစ်ပါတယ်။ 

Photo Credit: Goal

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရာသီက အားနည်းချက်တွေကို ပြင်တဲ့ အနေနဲ့ ကစားသမားတွေကို ခေါ်ယူခဲ့ပြီး ဝါနာ၊ ဇီယက်စ်၊ ဆေးလ်ဗား နဲ့ ကိုင်းဟာဗက်စ်တို့ အပါအဝင် ကစားသမား (၈) ဦးကို ခေါ်ယူခဲ့ရာမှာ ပြောင်းရွှေ့ကြေး ပေါင် သန်း (၂၀၀) နဲ့ အထက်ကို အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။ ဒါရင်းဘန့်ဟာ အင်္ဂလန် လက်ရွေးစင်အသင်းမှာ ကစားခဲ့စဉ်က လမ်းပတ်နဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ကြပြီး သူက လမ်းပတ်အနေနဲ့ ချဲလ်ဆီးအသင်းအတွက် ဆုဖလား တစ်ခုခု မရနိုင်ဘူး ဆိုရင် ပိုချယ်တီနိုလို နည်းပြကောင်းတွေက သူ့နေရာကို ဝင်လာကြလိမ့်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဒါရင်းဘန့်က “နောက်တစ်ဆင့်က ဆုဖလား ရယူဖို့ပါ။ နည်းပြ လမ်းပတ်က ဥရောပ တစ်ခွင်ကနေ ထိပ်သီး ကစားသမားတွေကို ခေါ်ယူခဲ့လို့ ဆုဖလားတွေ ရရှိဖို့ လိုအပ်ပါတယ်။ ချဲလ်ဆီးအသင်းက ကစားသမား ခေါ်ယူခွင့် ပိတ်ပင်ခံရပြီးနောက် ကစားသမားတွေကို အများကြီး ခေါ်ယူသွားခဲ့တယ်။ ဒီဟာက ဖိအား နှစ်ဆပေးနိုင်ပါတယ်။ ဝါနာ၊ ဇီယက်စ်၊ သီယာဂို ဆေးလ်ဗား နဲ့ ဟာဗက်စ်တို့ဟာ ထိပ်သီး ကစားသမားတွေပါပဲ။ သူတို့က သူတို့ ကစားကြတဲ့ နေရာကိုယ်စီမှာ နည်းပြတိုင်းအတွက် ဆွဲမက်စရာချည်းပါပဲ။ ကျွန်တော့်အမြင်မှာတော့ သူ ဆုဖလား ရရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော် စိုးရိမ်းမိတာက တကယ်လို့ သူတို့ အကောင်းဆုံး ပုံစံနဲ့ မစတင်နိုင်ဘူး ဆိုရင် ပိုချယ်တီနိုလို နည်းပြကောင်းတွေက သူ့ရဲ့ နေရာကို ဝင်လာဖို့ စောင့်နေပါတယ်။ ကျွန်တော် သေချာတာက ကမ္ဘာတစ်ဝှမ်းက နည်းပြကောင်းတွေက ဒီအသင်းရဲ့ ကစားသမားတွေကို နည်းပြဖို့အတွက် လက်ရှိ သူတို့ရဲ့ အသင်းကနေ ထွက်ချင်ကြပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။