ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီး အသင်းရဲ့ နည်းပြဖြစ်သူ ဖရန့် လမ်းပတ်ဟာ ကွင်းလယ်လူ ရူဘင် လော့ဖ်တက်ချိဖ် ရဲ့ ဖူဟမ်လ် အသင်းမှာ ပြသနေတဲ့ ပုံစံ နဲ့ ပတ်သက်ပြီး အထင်ကြီးနေပြီးတော့ ‌လော့ဖ်တက်ချိဖ် မှာ ချယ်လ်ဆီး နဲ့ ပတ်သက်ပြီး အနာဂါတ် ရှိနေတယ်လို့ ပြောဆို သွားခဲ့ပါတယ်။ လော့ဖ်တက်ချိဖ် ဟာ စပါး အသင်းကို တစ်ဖက်တစ်ဂိုးနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဉ်မှာ ဖူဟမ်လ် အသင်းအတွက် အကောင်းဆုံး ကစားပေးနိုင်ခဲ့ပြီးတော့ ပွဲချိန်ပြည့်နီးပါး ပါဝင် ကစားပေးခဲ့ကာ နည်းပြ စကော့ပါကား အတွက် ပြိုင်ပွဲစုံ ၆ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ရရှိစေခဲ့ပါတယ်။

Photo Credit: Standard

ချယ်လ်ဆီး အသင်းဟာ လော့ဖ်တက်ချိဖ် ကို ဖူဂမ်လ် အသင်းထံ အောက်တိုဘာလ လောက်က အငှားချ ခဲ့တာ ဖြစ်ပါတယ်။ လော့ဖ်တက်ချိဖ် ဟာ ဒီရာသီမှာ ဖူဟမ်လ် အသင်းအတွက် ၁၁ ပွဲ ကစား ပေးထားပြီးတော့ သွင်းဂိုး ၁ ဂိုးရယူပေးထားနိုင်တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ချယ်လ်ဆီး နည်းပြ လမ်းပတ် ကတော့ ကွင်းလယ်လူ လော့ဖ်တက်ချိဖ် နဲ့ ပတ်သက်ပြီး အခုလို ဖွင့်ဟ ပြောဆိုထားပါတယ်။ “ တော့တင်ဟမ် နဲ့ ရင်‌ဆိုင်ရတဲ့ ပွဲစဉ်မှာ သူ အကောင်းဆုံး ကစားနိုင်ခဲ့တာကို မြင်ရတဲ့ အတွက် ကျွန်တော် အတော်လေး ကျေနပ် ဝမ်းသာမိပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ ရူဘင် ကို လွဲချော်ခဲ့ရတယ်လို့ ခံစားခဲ့ရပါတယ် ”

Photo Credit: Standard

“ သူ တဖြည်းဖြည်း ကြံ့ခိုင်လာတာကို သိရတော့၊ ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်။ ဘာလို့လဲဆိုရင် သူ့မှာ ရှိတဲ့ စွမ်းဆောင်ရည်တွေကို ကျွန်တော် သိလို့ပါ၊ ပြီးတော့ အဲ့ဒီ စွမ်းဆောင်ရည်တွေကို အသင်းမှာ ရှိစေချင်ပါတယ်။ ရာသီအစပိုင်းလောက်က သူနဲ့ ကျွန်တော့်ကြား ပြောခဲ့တဲ့ စကားတွေက သူ့ကိုယ်သူ မထက်မြတ်ဘူးလို့ ခံစားနေရတဲ့ အကြောင်းတွေနဲ့ အတော်လေး ဆိုးဝါးတဲ့ ဒဏ်ရာပြဿနာကနေ ပြန်သက်သာလာပြီး သူဖြစ်ချင်သလို မဖြစ်တဲ့ အကြောင်းတွေရယ်ပါ။ ဒါကြောင့်မို့ သူ သွားရောက်ပြီးတော့ ကစားနိုင်မလားဆိုတာက မေးခွန်းထုတ်စရာ တစ်ခုလို ဖြစ်လာပါတယ်၊ ဘာလို့လဲဆိုရင် သူက အခြားနေရာမှာ ပွဲထွက်ခွင့် ပိုရလိမ့်မယ်လို့ ယုံကြည်နေခဲ့လို့ပါ။ မကြာသေးမီက သူ ကစားနေတာကို မြင်ရတာ၊ သူက ကြံ့ခိုင်ပြီး၊ လန်းဆန်းနေပြီးတော့ သန်မာနေတယ်လို့ ထင်ရပါတယ်။ သူ့ရဲ့ သိသာတဲ့ စွမ်းရည်ကို ကျွန်တော်တို့ သိပါတယ်၊ ဒါကြောင့်မို့ အဲ့ဒါကို မြင်ရတော့ အတော်လေးဝမ်းသာမိပါတယ်။ အကယ်၍ သူသာ အဲ့ဒီလို ခြေစွမ်းကို ရာသီကုန်အထိ ထိန်းထားနိုင်ပြီးတော့၊ သူအရင်က ဖြစ်ခဲ့တဲ့ ပုံစံမျိုး ကို ပြန်ရမယ်ဆိုရင် ကျွန်တော်ကတော့ ပျော်မိမှာပါ၊ ပြီးတော့ သူ ကျွန်တော်တို့ရဲ့ ကစားသမား ပြန်ဖြစ်လာမှာ အသေအချာပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။