ချယ်လ်ဆီးအသင်းကနေ ထုတ်ပယ်ခံလိုက်ရပြီးကတည်းက အခုအချိန်ထိကို အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ ဖရန့်လမ်းပတ်ကတော့ နောက်ထပ်ကလပ်အသင်းတစ်ခုမှာ နည်းပြသစ်အဖြစ် ပြန်လည်ဆောင်ရွှက်ဖို့ အခြေအနေကောင်းနေပါတယ်။ လက်ရှိမှာ လန်ဒန်အခြေစိုက် ကလပ်အသင်းဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းက သူတို့ရဲ့ ဝါရင့်နည်းပြကြီး ရွိုင်းဟော့ဆန်နဲ့ လက်တွဲဖြုတ်တော့မှာဖြစ်လို့ သူရဲ့နေရာအတွက် နည်းပြသစ်တစ်ယောက်ကို ရှာဖွေနေတာဖြစ်ပါတယ်။

Photo Credit : TEAMtalk

ဝါရင့်နည်းပြကြီး ဟော့ဆန်ဟာ ဒီနှစ်ရာသီအကုန်မှာပဲ ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်က သက်တမ်းတိုးမယ့် အရိပ်အယောင်လည်းမရှိပဲ နည်းပြသစ်တစ်ဦးကိုပဲ ခန့်အပ်သွားဖို့ အစီအစဉ်ရှိနေသလို ဘန်လေနည်းပြ ရှောင်ဒိုက် ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောင်းနဲ့ လမ်းပတ်တို့ကို ပစ်မှတ်ထားလို့နေပါတယ်။ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေရတဲ့ လမ်းပတ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လစ်လပ်နေတဲ့ အင်္ဂလန်ယူ-၂၁အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွှက်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လမ်းပတ်ကတော့ ဒီရာထူးအပေါ် စိတ်ဝင်စားမှုမရှိဘူးလို့ တုံ့ပြန်ထားခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒါဘီကောင်တီ ချယ်လ်ဆီးအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ လမ်းပတ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘောလုံးရာသီ တစ်ရာသီကျော်လောက်အထိကို ဖြတ်သန်းလိုက်ရပြီး နည်းပြအတွေ့အကြုံပိုင်း နုနယ်သေးပေမယ့်လည်း သူရဲ့ကလပ်အသင်းဟောင်း ချယ်လ်ဆီးကိုတော့ အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းဘက်ကနေ တခြားသော နည်းပြတွေထက် လမ်းပတ်ကိုပဲ သူတို့ရဲ့နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ပိုမိုစိတ်ဝင်စားနေတာဖြစ်ပြီး ဘွတ်ကီဒိုင်တွေရဲ့ ဖွင့်ဆိုချက်မှာလည်း ပဲလေ့စ်နည်းပြသစ်ဖြစ်လာဖို့ လမ်းပတ်ကသာ ရေပန်းအစားဆုံး ဖြစ်နေရပါတယ်။ တကယ်လို့ လမ်းပတ်ကိုသာ ပဲလေ့စ်အသင်းဘက်ကနေ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်မှာ သူရဲ့အသင်းဟောင်း ချယ်လ်ဆီးအသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ပြန်လည်ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁၃)နေရာမှာ ရပ်တည်နေပြီး တစ်ရာသီလုံးအတွင်းမှာတော့ ရှုံးပွဲက (၁၆)ပွဲအထိ ရှိထားခဲ့ရပြီး တန်းဆင်းဇုန်နဲ့ လွတ်ထားပေမယ့် ရလဒ်တွေကတော့ မတည်ငြိမ်ပဲ ရှိနေရပါတယ်။