ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ် ကတော့ ယနေ့ညမှာ ကစားမယ့် ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲစဉ် ဖြစ်တဲ့ ခရက်နိုဒါနဲ့ ပွဲမှာ အသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမား ဖြစ်သူ ကီပါကို အသုံးပြု သွားမှာ ဖြစ်ကြောင်း အတည်ပြု လိုက်ပါတယ်။ စပိန် လာလီဂါကလပ် ဘီလ်ဘာအို အသင်းကနေ ချယ်လ်ဆီးအသင်းထံ ဂိုးသမား တစ်ဦး အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ လာခဲ့တဲ့ ကီပါဟာ ချယ်လ်ဆီးအသင်းထံ ရောက်ကာစမှာ အသင်းရဲ့ အဓိက ဦးစားပေး ဂိုးသမား ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ လက်စွမ်းတည်ငြိမ်မှု အားနည်း လာတာကြောင့် သူ့ရဲ့ ပထမ ဂိုးသမား နေရာကို အသစ်ရောက်လာတဲ့ ဂိုးသမား မန်ဒီဆီ လွှဲပေးခဲ့ရသူပါ။

Photo Credit: Daily Mail

တစ်ဖက်မှာလည်း ချယ်လ်ဆီးအသင်းထံ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ရန်းနက်စ် အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဆီနီဂေါ လက်ရွေးစင် ဂိုးသမား မန်ဒီဟာ လက်ရှိမှာ အကောင်းဆုံး လက်စွမ်း တစ်ရပ်ကို ပိုင်ဆိုင် ထားပြီး သူ့ရဲ့ ဂိုးပေါက် ကာကွယ်မှုတွေက ကောင်းမွန်သလို ခံစစ်ကြောင်းကိုလည်း အကောင်းဆုံး ဦးဆောင် ပေးထားနိုင်ပါတယ်။ မန်ဒီဟာ လက်ရှိ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၃ပွဲ ပါဝင် ကစားထားရာ ဂိုးမပေးရတဲ့ ပွဲစဉ် ၉ပွဲအထိ ရှိခဲ့တဲ့ ကစားသမား တစ်ဦးပါ။ ယနေ့ညမှာ ကစားမယ့် ခရက်နိုဒါ အသင်းနဲ့ ပွဲစဉ်ဟာ ချယ်လ်ဆီးအသင်း အတွက် ချန်ပီယံလိဂ် အုပ်စုအဆင့်ရဲ့ နောက်ဆုံး ပွဲစဉ် တစ်ခုဖြစ်ပေမယ့် အရေးမပါတော့တဲ့ ပွဲစဉ်တစ်ခု ဖြစ်ပါတယ်။

Photo Credit: Daily Mail

ဒါ့ကြောင့်ပဲ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်က ခရက်နိုဒါနဲ့ ပွဲမှာ ကီပါကို နေရာ ပေးသွားမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြား သွားခဲ့ပါတယ်။ လမ်းပတ်က “ကီပါက ဒီပွဲမှာ ပွဲထွက် လာမှာပါ။ ကျွန်တော် အမြဲတမ်း ပြောခဲ့သလိုပါပဲ။ ဒီနေ့ပွဲဟာ အသင်းရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ပွဲတစ်ပွဲကို ခင်ဗျားက ဘယ်လို ချဉ်းကပ်လဲ ဆိုတာ ပြသမယ့် ပွဲစဉ်တစ်ပွဲပါ။ ကီပါရဲ့ လက်ရှိ အခြေအနေက နည်းနည်း စိတ်ရှည်ရမယ့် အနေအထားပါ။ ဘာ့ကြောင့်လဲ ဆိုတော့ သူက ဂိုးသမား တစ်ယောက် ဖြစ်နေတာကိုး။ မန်ဒီရဲ့ လက်စွမ်းက အရမ်း ကောင်းနေတာကြောင့် ပွဲတစ်ပွဲ ကစားရင် သူ့ကို ရွေးချယ်တာက ကျွန်တော့် အတွက် အရမ်းကို လွယ်ကူတဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် ဒီနေ့ပွဲ ကတော့ ကီပါအတွက်ပါ။ သူက လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး စွမ်းဆောင် ပြထားပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။