ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်းနှစ်ရာကျော်လောက်သုံးစွဲပြီး အင်အားဖြည့်တင်းခဲ့တဲ့အပေါ်မှာ ဝေဖန်ခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့နည်းပြယာဂင်ကလော့ရဲ့စကားတွေကို ပြန်လည်တုန့်ပြန်ပြောဆိုလာခဲ့ပြီး မော်ဒန်ဘောလုံးခေတ်အတွင်းမှာ အောင်မြင်မှုတွေကို ရယူနိုင်ဖို့အတွက် ငွေကြေးအရင်းအနှီးကလည်း မဖြစ်မနေလိုအပ်သလို သူတို့အသင်းတောင် ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ခဲ့တာကြောင့်မို့ အခုလို အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာဖြစ်တယ်လို့ ပြန်လည်ဝေဖန်သွားခဲ့ပါတယ်။

လမ်းပတ်ဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ ဇီယက်ရှ် ဝါနာ ဘင်ချီဝဲလ် ဟားဗက်ဇ် သီယာဂိုဆေးဗားအစရှိတဲ့ ကစားသမားတွေအတွက် ပေါင်သန်း(၂၆၀)ဝန်းကျင်လောက်အထိကို သုံးစွဲထားခဲ့တဲ့အပေါ် ယာဂင်ကလော့က သူတို့အနေနဲ့ ပြိုင်ဘက်အသင်းတွေလောက် ငွေသုံးကြမ်းနိုင်ခြင်းမရှိဘူးလို့ ပြောဆိုထားခဲ့သလို နိုင်ငံပိုင်ကလပ် ဘီလျံနာပိုင်ကလပ်တွေရဲ့လမ်းကြောင်းအတိုင်း သွားနေတဲ့အသင်းမဟုတ်လို့ ငွေအများကြီးမသုံးနိုင်ဘူးလို့ပါ ခနဲ့ပြောဆိုထားခဲ့ပါသေးတယ်။ ဒီစကားနဲ့ပတ်သက်ပြီး လမ်းပတ်က “ဒါက သချာင်္တွက်သလို တွက်ချက်နေလို့မရပါဘူး။ လီဗာပူးလ်အသင်းအနေနဲ့ အရင်က ဘယ်လောက်ထိတောင် ငွေသုံးခဲ့သလဲဆိုတာကိုလည်း ကျွန်တော်တို့သိနေတာပဲ”

“လီဗာပူးလ်အသင်းက ယာဂင်ကလော့နဲ့ လက်တွဲခဲ့ပြီးနောက်ပိုင်းကတည်းက အသင်းရဲ့ပြုပြင်ပြောင်းလဲမှုတွေက ကောင်းမွန်လာခဲ့ပြီး အရည်အသွေးမြင့်ပြီး အသင်းအတွက် အမှန်တကယ် အလိုရှိမယ့် ကစားသမားသစ်တွေကိုလည်း ခေါ်ယူနိုင်ခဲ့တယ်။ ဒီဘက်မော်ဒန်ဘောလုံးခေတ်မှာ ဆုဖလားအောင်မြင်မှုတွေကို ရယူသွားချင်တယ်ဆိုရင် ကစားသမားသစ်တွေကို ကောင်းကောင်းဖြည့်တင်းနိုင်ဖို့ လိုအပ်သလို အဲ့ဒီကစားသမားသစ်တွေအတွက်ကိုလည်း ငွေကြေးသုံးစွဲမှု သေချာပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ သူတို့အသင်းကလည်း ဗန်ဒိုက် အယ်လီဆန် ဖာဘင်ဟို မာနေး ဆာလာ ကီတာတို့လို ကစားသမားတွေအတွက် ငွေကြေးပေါင်းများစွာနဲ့ ခေါ်ယူထားခဲ့တာကို သင်တို့မြင်နိုင်တာပဲ။ သူတို့က အသင်းအတွက် ပြင်ဆင်ခဲ့ပြီးပြီလေ။ ကျွန်တော်တို့က အခုမှ အပြောင်းအရွှေ့ပိတ်ပင်ထားမှုကနေ လွတ်မြောက်ခဲ့ရလို့ အသင်းအတွက် လိုအပ်တာတွေကို ပြန်လည်ပြင်ဆင်ပြီး တိုးတတ်ရာတိုးတတ်ကြောင်းကို စီစဉ်နေတာပါ။ ဒါက တန်းတူပါပဲ။ ဒါကို ကျွန်တော်တို့အားလုံး သိထားပါတယ်” လို့ ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။ ချယ်လ်ဆီးက ဒီရာသီမှာ ကစားသမားများစွာ ခေါ်ယူထားခဲ့ပေမယ့် လီဗာပူးလ်ကတော့ နောက်ခံလူဆီမီကက်တစ်ယောက်တည်းကိုသာ ခေါ်ယူအားဖြည့်ထားနိုင်ခဲ့ပါတယ်။