ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဧည့်သည် ချယ်လ်ဆီးအသင်းဟာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ ဘရိုက်တန်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ယခုနှစ် နွေစျေးကွက်အတွင်းမှာ ကစားသမား ခေါ်ယူမှု များစွာကို ပြုလုပ်ထားတဲ့ အသင်း ဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်ကို စောင့်ကြည့်ခဲ့သူ များပြားခဲ့သလို ချယ်လ်ဆီးအသင်းရဲ့ နည်းပြ ဖြစ်သူ လမ်းပတ်ကလည်း ကစားသမားသစ် နှစ်ဦး ဖြစ်တဲ့ တီမိုဝါနာနဲ့ ဟားဗက်တို့ကို ပွဲထွက် လူစာရင်းမှာ ထည့်သွင်း အသုံးပြုခဲ့ပါတယ်။ ဘရိုက်တန်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဝါနာနဲ့ ဟားဗက်တို့ဟာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိပေမယ့် ထိုက်သင့်တဲ့ ခြေစွမ်းတွေကိုတော့ ပြသသွားနိုင်ခဲ့ပါတယ်။

Photo Credit: Talksport

အထူးသဖြင့် ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်လာတဲ့ တီမိုဝါနာဟာ အတော်လေးကို ကစားအားကောင်းကောင်းနဲ့ ကစားသွားနိုင်ခဲ့သလို အသင်းရဲ့ ဗွေဆော်ဦးဂိုး ဖြစ်တဲ့ ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီကိုလည်း ဖန်တီးပေးခဲ့သူလည်း ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် ၂၃မိနစ်မှာ ပင်နယ်တီကတဆင့် ဂျော်ဂျင်ဟို ၊ ပွဲကစားချိန် ၅၈ မိနစ်မှာ ရစ်စီဂျိမ်းစ်နဲ့ ပွဲချိန် ၆၆မိနစ်တို့မှာ ဇူးမားတို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။ ဘရိုက်တန်အသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၅၄ မိနစ်မှာ တိုက်စစ်မှူး ထရော့ဆတ်က အဝေးကန်ချက် ကနေ တဆင့် သွင်းယူပေးခဲ့ပါတယ်။ ပွဲစဉ် ပြီးဆုံးသွားတဲ့ အချိန်မှာတော့ လမ်းပတ်က ဟားဗက်နဲ့ တီမိုဝါနာတို့ရဲ့ ပွဲဦးထွက် ခြေစွမ်းအပေါ် သဘောကျတယ်လို့ ဖွင့်ဟ ပြောပြခဲ့ပါတယ်။

Photo Credit: Talksport

ကိုင်ဟားဗက်ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး လမ်းပတ်က ” ကျွန်တော် သူ့ကို သဘောကျပါတယ်။ ဒီပွဲစဉ်မှာ အခွင့်အရေးတွေ အများကြီး ရတယ်လို့ ကျွန်တော်တို့ မပြောနိုင်ပေမယ့် ကျွန်တော်တို့မှာ ရှိတဲ့ အရည်အသွေးနဲ့ တည်ငြိမ်မှုတို့ကို ပြသနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်က သူ့အတွက်တော့ ကြီးမားတဲ့ စမ်းသပ်မှုတစ်ခုပါ။ သူက ငယ်ရွယ်သေးတယ်။ ပြီးတော့ လိဂ်အသစ်တစ်ခုမှာ စတင် ကစားရတာ ဖြစ်တဲ့အတွက် သူ့ရဲ့ ပခုံးပေါ်မှာ ဖိအားတွေ အများကြီး ရှိနေပါတယ်။ သူဟာ ပွဲကို အားစိုက် ကစားခဲ့ပြီး ဘောလုံးရတဲ့ အချိန်တိုင်းမှာ သူ့ရဲ့ အရည်အချင်းကို ထုတ်ပြနိုင်ခဲ့ပါတယ်။ သူ ဘောလုံးဆုံးရှုံးသွားတဲ့ အချိန်မှာလည်း အနောက်ကို ကိုက်၈၀လောက် ပြေးပြီး ဖျက်ထုတ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့မှာ သူ့ရဲ့ ပင်ကိုယ်စိတ်ထားကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ သူဟာ တကယ့်ကို အရည်အချင်း ပြည့်ဝတဲ့ လူငယ် ကစားသမားပါ ” လို့ ပြောပြ သွားခဲ့ပါတယ်။

Photo Credit: Talksport

တီမိုဝါနာရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး လမ်းပတ်က ” ကျွန်တော်ကတော့ တီမိုဝါနာအနေနဲ့ ကွဲပြားတဲ့ ဧရိယာတွေမှာ နေရာယူပြီး ကစားတာကို သဘောကျပါတယ်။ သူဟာ နောက်ခံလူတွေ ကြားထဲမှာ နေတဲ့ တိုက်စစ်မှူး မဟုတ်ပါဘူး။ တချို့အချိန်တွေမှာဆို သူက ကွင်းလယ်နား အထိ ဆင်းပြီး ကစားတတ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က သူ့ရဲ့ အမြန်နှုန်းကိုလည်း မြင်တွေ့ခဲ့ရတယ်လေ။(ပင်နယ်တီရခဲ့မှုအပေါ် ပြောကြားချက်) ဘောလုံးဟာ ကျွံထွက်သွားပေမယ့် သူကတော့ အရယူနိုင်ခဲ့ပါတယ်။ ဒါတွေက သူ့အကြောင်းတွေပါပဲ။ သူက ဂိုးတွေ သွင်းယူဖို့ ဆာလောင်နေတဲ့ ကစားသမားပါ။ သူ့အနေနဲ့ ဒီအသင်းအတွက် ဘာတွေ ယူဆောင်လာပေးမလဲ ဆိုတာကို ကျွန်တော်တို့တွေ မြင်တွေ့ခဲ့ရပြီးပြီလို့ ကျွန်တော် ထင်ပါတယ် ” လို့ ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။