ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည် အသင်းတသင်း ဖြစ်တဲ့ အဲဗာတန်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၇)မှာ ခရစ္စတယ် ပဲလေ့စ်ကို ၂ဂိုးပြတ် ရှုံးနိမ့်နေရာ ကနေ ၃ဂိုး အထိ ပြန်လည် သွင်းယူကာ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် တန်းမဆင်းရဖို့ သေချာသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်းတွေထဲက တသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ အဲဗာတန်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ဆိုသလို ကြုံတွေ့နေရတဲ့ အသင်းတသင်း ဖြစ်ပြီး တန်းမဆင်းရဖို့ အသည်းအသန် ရုန်းကန် ကြိုးစားခဲ့ရပါတယ်။

Photo Credit: Sky Sports

ပရီးမီးယားလိဂ် ပွဲစဉ်(၃၇) အဖြစ် ခရစ္စတယ် ပဲလေ့စ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရတဲ့ ပွဲစဉ်မှာလည်း အဲဗာတန်ရဲ့ ခံစစ် ကစားပုံက အတော်လေး ဆိုးရွားခဲ့ပြီး ခရစ္စတယ် ပဲလေ့စ်ရဲ့ ဦးဆောင်ဂိုး ၂ဂိုးကို အလွယ်တကူ ခွင့်ပြုပေးခဲ့ရကာ အဓိက တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ရစ်ချာလီဆန် ၊ လီဝင်နဲ့ ဂရေးတို့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်သာ လိုအပ်နေတဲ့ ချေပဂိုးတွေနဲ့ အနိုင်ဂိုးကို ပြန်လည် သွင်းယူနိုင်ခဲ့တာပါ။

ခရစ္စတယ် ပဲလေ့စ်ကို အနိုင်ရခဲ့ပြီးနောက် အဲဗာတန်က တန်းမဆင်းရဖို့ သေချာသွားခဲ့ပြီး အဲဗာတန် နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ လမ်းပတ်ကတော့ အဲဗာတန်ကို တန်းမဆင်း ရအောင် ကူညီနိုင်ခဲ့လို့ အရမ်းကို ပျော်ရွှင်မိကြောင်းနဲ့ တန်းဆင်းဇုန် အန္တရာယ် ကနေ လွတ်အောင် ကြိုးပမ်းနိုင်ခဲ့တာဟာ သူ့ဘဝရဲ့ အကောင်းဆုံး အောင်မြင်မှုတွေထဲက တခု ဖြစ်ကြောင်း အဲဗာတန် ၃-၂ ပဲလေ့စ် ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

 

Photo Credit: Sky Sports

လမ်းပတ်က – “တန်းဆင်းဇုန် ကနေ လွတ်ခဲ့တာဟာ ကျွန်တော့်ရဲ့ ဘဝနဲ့ ဘောလုံးလောကထဲမှာ ကျင်လည်နေတဲ့ အခိုက်အတန့် အတွင်းမှာ အကောင်းဆုံး အောင်မြင်မှုတွေထဲက တခုပါပဲ။ ကျွန်တော် ချယ်လ်ဆီးမှာ ကစားခဲ့တုန်းက အရမ်းကို ကံကောင်းခဲ့သလို ပျော်ရွှင်စရာ ကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင် ကြုံတွေ့ရပြီး အဲ့ဒီ တန်းဆင်းဇုန် ကနေ လွတ်အောင် လုပ်နိုင်ခဲ့လို့ ရလာတဲ့ ပျော်ရွှင်မှုက ချယ်လ်ဆီးမှာ ရခဲ့တဲ့ ပျော်ရွှင်မှုနဲ့ မတူပါဘူး။ ကျွန်တော်တို့က တန်းဆင်းဇုန်ကနေ လွတ်အောင် ရုန်းနိုင်ဖို့ အစွမ်းကုန် ပေးဆပ် ကြိုးပမ်းခဲ့ရပါတယ်။ ကျွန်တော်တို့ ရှုံးပွဲတွေနဲ့ ကြုံတယ်။ ကျွန်တော်တို့ တိုက်ပွဲဝင်တယ်။ ပြီးတော့ ကျွန်တော်တို့ ထပ်ရှုံးတယ်။ လူတွေက ကျွန်တော်တို့တွေ ဒီထက် ပိုကောင်းအောင် လုပ်နိုင်တယ်လို့ တွေးနေကြတဲ့ အချိန်မှာ ကျွန်တော်တို့က မျှော်မှန်းထားသလို ရလဒ်ကောင်းတွေ မယူနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ အတူ ပြန်လာနိုင်ခဲ့ပါတယ်။ ဒီညမှာ ကျွန်တော်က အဲဗာတန်ရဲ့ နည်းပြအဖြစ် ရှိနေရတဲ့ အပေါ် အတော်လေး ဂုဏ်ယူမိပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။