ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းကြီးတစ်ယောက်ဖြစ်ပြီး အာဆင်နယ် စတုတ်စီးတီးအသင်းတို့မှာ ပါဝင်ကစားခဲ့ဖူးတဲ့ အင်္ဂလန်ကွင်းလယ်လူဟောင်း အလန်ဟောက်ဆန်က ချယ်လ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်အနေနဲ့ အသင်းရဲ့လူငယ်ကစားလေး တရီလမ်တီကို ဘရိုက်တန်အသင်းဆီ အလွယ်တကူ ရောင်းချလိုက်ခြင်းဟာ အရမ်းကို မှားယွင်းလွန်းပြီး သူ့လို အရည်အသွေးမြင့် လူငယ်ခြေတတ် ကစားသမားမျိုးကို ရောင်းချလိုက်တာထက် အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားသင့်တယ်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။

Photo Credit : My Sports News

အသက်(၁၉)နှစ်သာရှိသေးတဲ့ ချယ်လ်ဆီးလူငယ်ကစားသမားဟောင်း တရီလမ်တီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဆောင်းရာသီစျေးကွက်ကမှ ချယ်လ်ဆီးကနေ ဘရိုက်တန်အသင်းဆီကို ပေါင်(၄)သန်းဝန်းကျင်နဲ့ အပြီးသတ်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီအစပိုင်းမှာပဲ သူရဲ့လျင်မြန်မှုတွေနဲ့ ညာခြမ်းခံစစ်ကနေ တိုက်စစ်ထိ လိုက်ပါကစားနိုင်မှုတွေကြောင့် ပရိသတ်တွေ ပိုမိုသထိထားလာမိသလို ကလပ်အသင်းများစွာရဲ့ အာရုံစိုက်မှုကိုပါ ရရှိလာခဲ့ပါတယ်။ သူ့ကို နွေစျေးကွက်အတွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ခေါ်ယူဖို့အထိ ကြိုးပမ်းခဲ့ဖူးသေးပြီး ကမ်းလှမ်းခဲ့တဲ့ ပြောင်းရွှေ့ကြေးကို ဘရိုက်တန်ဘက်ကနေ လက်မခံနိုင်လို့သာ အပြောင်းအရွှေ့က အထမမြောက်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Metro

ဒီလိုခြေစွမ်းကောင်းမျိုးတွေ ပြသလို့နေတဲ့ လမ်တီနဲ့ပတ်သက်ပြီး အလန်ဟောက်ဆန်က “သူတို့တွေ ဘရိုက်တန်အသင်းဆီကို ရောင်းချလိုက်တဲ့ လူငယ်ခြေတတ်ကစားသမားလေး လမ်တီကို ကျွန်တော်အလွန်ကို သဘောကျနှစ်သက်မိတယ်။ ကျွန်တော်ကတော့ သူ့လို ကစားသမားမျိူးကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားစေချင်တာပါ။ သူက အနာဂတ်မှာ အရမ်းကို တောက်ပလာမယ့်သူ ဖြစ်လာနိုင်ပါတယ်။ အခုဆိုရင် သူက ဘရိုက်တန်အသင်းမှာ အရမ်းကို ခြေစွမ်းကောင်းတွေကို ပြသနေနိုင်ပါပြီ။ ခံစစ်ကနေ တိုက်စစ်ကို လိုက်ပါရမှာလည်း အလွန်ကို လျင်မြန်လှသူဖြစ်ပြီး ချယ်လ်ဆီးမှာ ဒီလိုကစားသမားမျိုးက ရှားပါတယ်။ ပြေးအားကောင်းပြီး တောင်ပံတွေက ဖြတ်တင်ဘောတွေ လုပ်ပေးနိုင်မယ့်သူမျိုးပေါ့။ ဒီကစားသမားလေးကို ရောင်းချလိုက်တာကတော့ လမ်းပတ်မှားယွင်းတယ်လို့ ကျွန်တော်မြင်မိတယ်” လို့ ဝေဖန်သွားခဲ့ပါတယ်။ လမ်းပတ်ဟာ အသင်းရဲ့ခံစစ်ညာခြမ်းမှာ အသင်းခေါင်းဆောင် အက်စပီလီကွယ်တာနဲ့ ရီးစ်ဂျိမ်းစ်တို့နှစ်ယောက်ကိုသာ အသုံးပြုလိုတဲ့အတွက် လမ်တေးကို ဘရိုက်တန်အသင်းဆီ ဆောင်းရာသီစျေးကွက်မှာပဲ ရောင်းထုတ်ခဲ့တာဖြစ်ပါတယ်။