ချယ်လ်ဆီးအသင်းရဲ့နည်းပြဖြစ်သူ ဖရန့်လမ်းပတ်ဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းအတွက် ကစားသမားသစ်တွေကို များစွာခေါ်ယူထားနိုင်ခဲ့ပြီး ဒီကစားသမားတွေထဲမှာ ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာလည်း ပါဝင်ခဲ့ပါတယ်။ ချယ်လ်ဆီးဟာ တိုက်စစ်မှူးဝါနာကို မန်စီးတီး လီဗာပူးလ်တို့လို အသင်းတွေနဲ့အပြိုင် ခေါ်ယူခဲ့ရတာဖြစ်ပြီး ဒီလိုအသင်းတွေနဲ့ အပြိုင်အဆိုင်လုပ်ပြီး ဝါနာကို ခေါ်ယူနိုင်ဖို့ ဘယ်လောက်ထိ ကြိုးပမ်းခဲ့ရသလဲဆိုတာကို လမ်းပတ်ကနေ ပြန်လည်ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Times

အသက်(၂၄)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမားဝါနာဟာ ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၄၇.၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးကို မပြောင်းရွှေ့ခင် လီဗာပူးလ်အသင်းနဲ့ သတင်းတွေ အတော်လေးထွက်ပေါ်ခဲ့သူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက လိုက်ပ်ဇစ်အတွက် ခြေစွမ်းကောင်းတွေ ပြသထားခဲ့တဲ့ ဝါနာကို ဥရောပကလပ်အသင်းများစွာကနေ ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားခဲ့ပေမယ့် ဒီအသင်းတွေအားလုံးထဲကမှ ချယ်လ်ဆီးအသင်းက လက်ဦးမှုရယူနိုင်ခဲ့ကာ ဝါနာကို ခေါ်ယူနိုင်ခဲ့ပါတယ်။

Photo Credit : Metro

ဝါနာကို ခေါ်ယူနိုင်ခဲ့တာနဲ့ပတ်သက်ပြီး လမ်းပတ်က “အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့အသင်းအနေနဲ့ ဝါနာကို ခေါ်ယူနိုင်ဖို့အတွက် မန်စီးတီး လီဗာပူးလ်တို့လို အသင်းတွေနဲ့ အပြိုင်အဆိုင်ဖြစ်လို့နေတာ သင်တို့လည်း သိကြမယ်ထင်တယ်။ ဒီလိုအချိန်မှာ သင့်အနေနဲ့ ဒီကစားသမားကို သင့်အသင်းကနေ ဘယ်လောက်တောင် အလိုရှိနေတယ်ဆိုတာကို ထုတ်ဖော်ပြသနိုင်ဖို့ လိုအပ်ပါတယ်။ သူ့ကို ခေါ်ယူနိုင်ဖို့အတွက် ကျွန်တော်သူနဲ့စကားပြောဆိုချိန်မှာ ကလပ်အသင်းရဲ့အကောင်းဆုံးစွမ်းရည်တွေကို သူသိလာအောင် ပြောဆိုခဲ့တယ်။ ပီတာချက်ကလည်း အဲ့ဒီအတိုင်းပဲ ကြိုးပမ်းသွားခဲ့ပါတယ်။ ဝါနာလို ကစားသမားမျိုးကလည်း ကျွန်တော်တို့အသင်းအတွက် တကယ်ကို လိုအပ်နေတဲ့ ကစားသမားမျိုးပါ။ ကျွန်တော်တို့ စကားပြောဆိုချိန်မှာ သူ့ဘက်ကလည်း ကျွန်တော်တို့နဲ့ တစ်သားတည်းဖြစ်နေသလို ခံစားရဖို့ လိုအပ်ပါတယ်။ သူနဲ့ ဆွေးနွေးပြောဆိုရတုန်းက သူကျွန်တော့်ကို ပြောခဲ့တာတွေအားလုံးကိုလည်း သဘောကျနှစ်သက်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုဆိုတာ နည်းပြနဲ့ ကစားသမားကြားမှာ ရှိကိုရှိသင့်တဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ နှစ်ယောက်ကြားမှာ ဆက်ဆံရေးကောင်းတစ်ခုရှိနေဖို့ လိုအပ်တာကြောင့်ပါ။ ကျန်တဲ့ကစားသမားတွေကိုလည်း ဒီပုံစံအတိုင်းနဲ့ပဲ ကြိုးပမ်းခဲ့တာပါ။ ဘောလုံးအဆင့်အတန်းကောင်းတွေ ရှိနေကြတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့လို့ ကျွန်တော်အရမ်းဝမ်းမြောက်မိပါတယ်” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။