လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည်အသင်း တသင်း ဖြစ်တဲ့ အဲဗာတန်ကို ကိုင်တွယ်နေတဲ့ ချယ်လ်ဆီးရဲ့ ဂန္တဝင် ကစားသမားလည်းဖြစ် ၊ နည်းပြဟောင်းလည်း ဖြစ်တဲ့ ဖရန့် လမ်းပတ်က သူ့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ချယ်လ်ဆီး တိုက်စစ်မှူး ဘတ်ရှူအာရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အဲဗာတန်က ယခု နွေဈေးကွက် အတွင်းမှာလည်း အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရစ်ချာလီဆန်ကို စပါးထံ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ရောင်းချထားရတာကြောင့် ရစ်ချာလီဆန်ရဲ့ နေရာကို အစားဝင်နိုင်မယ့် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေတဲ့ အသင်းပဲ ဖြစ်ပါတယ်။
Photo Credit: Yahoo
တဖက်မှာတော့ အသက် ၂၈နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ဘတ်ရှူအာရီက လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘယ်လ်ဂျီယံအသင်းမှာ ပါဝင် ကစားခွင့် ရဖို့ ယခု နွေဈေးကွက် အတွင်းမှာပဲ ပုံမှန် ပွဲထွက်ခွင့်ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ တာစူနေသလို ချယ်လ်ဆီးကလည်း အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ဘတ်ရှူအာရီအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရောက်လာရင် ဘတ်ရှူအာရီကို ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။
နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Talksports သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲဗာတန်နည်းပြ လမ်းပတ်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ပရီးမီးယားလိဂ် အတွေ့အကြုံလည်းရင့် ၊ သူနဲ့လည်း အတူတကွ လက်တွဲခဲ့ဖူးတဲ့ ဘတ်ရှူအာရီကို ခေါ်ယူဖို့ မျက်စိကျနေပြီး အဲဗာတန်က ဘတ်ရှူအာရီ အတွက် မကြာခင်မှာပဲ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
Photo Credit: Yahoo
ချယ်လ်ဆီးကတော့ သူတို့အသင်းရဲ့ အရန် တိုက်စစ်မှူး ဘတ်ရှူအာရီ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀သန်း ဝန်းကျင် အလိုရှိနေပြီး အဲဗာတန်ကလည်း ဘတ်ရှူအာရီ အတွက် အဆိုပါ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်စွမ်း ရှိတာကြောင့် ဒီအပြောင်းအရွှေ့ဟာ ခပ်မြန်မြန် ဖြစ်ပေါ်လာနိုင်ကြောင်း နာမည်ကြီး လန်ဒန်အခြေစိုက် သတင်းဌာန ဖြစ်တဲ့ Football London သတင်းဌာနက သုံးသပ်ထားပါတယ်။