ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင် ကစားသမားလည်းဖြစ် နည်းပြဟောင်းလည်း ဖြစ်တဲ့ အင်္ဂလန် ဂန္တဝင် ကွင်းလယ်လူ လမ်းပတ် ကတော့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းက ပိုင်ဆိုင်တဲ့ နယူးကာဆယ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

ပေါင် ၃၂၀ ဘီလီယံ အထိ ကြွယ်ဝချမ်းသာသလို ဆော်ဒီ တော်ဝင်မိသားစုရဲ့ ကျောထောက်နောက်ခံမှုကိုပါ ရရှိထားတဲ့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ နယူးကာဆယ်အသင်းကို ဆယ်စုနှစ် တစု အတွင်း ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တသင်း ဖြစ်လာအောင် ပြောင်းလဲဖို့ ဆန္ဒရှိနေပါတယ်။

Photo Credit: Euro Sports

ဒါကြောင့်လည်း နယူးကာဆယ်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ လက်ရှိနည်းပြ စတိဗ်ဘရုစ်ကို ရာထူးကနေ ထုတ်ပယ်ပြီး အသင်းကို အောင်မြင်မှု လမ်းကြောင်းဆီ တွန်းတင်ပေးနိုင်မယ့် ထိပ်တန်း နည်းပြတဦးကို ရှာဖွေနေကာ လမ်းပတ်ဟာ နယူးကာဆယ်အသင်းရဲ့ နည်းပြသစ် လျာထားစာရင်းမှာ ပါဝင်နေပါတယ်။

လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းမှာ ဆုဖလား အောင်မြင်မှုတွေ မရခဲ့ပေမယ့် မေဆန်မောင့် ၊ ရစ်စီဂျိမ်းစ် ၊ အေဗရာဟမ် ၊ ဂေးလ်မာ စတဲ့ လူငယ်ကြယ်ပွင့် ကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ လက်ထက်မှာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံကလည်း အဆင့်အတန်း တခု ရှိခဲ့ပါတယ်။

Photo Credit: Euro Sports

လက်ရှိမှာတော့ နယူးကာဆယ်အသင်းဟာ လမ်းပတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး လမ်းပတ်ကလည်း အောင်မြင်မှုတွေ ရရှိဖို့ တာစူနေတဲ့ နယူးကာဆယ်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကာ နှစ်ဖက်ကြားမှာ တရားဝင် ဆွေးနွေးမှုတွေ ရှိနေကြောင်း လန်ဒန် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနကလည်း လမ်းပတ်နဲ့ နယူးကာဆယ်အသင်းရဲ့ သတင်းတွေကို အတည်ပြုပေးထားပြီး ဆွေးနွေးမှုတွေသာ အောင်မြင်ခဲ့ပါက လမ်းပတ်ဟာ ရက်ပိုင်းအတွင်း နယူးကာဆယ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်ကြောင်း သိရပါတယ်။