ဆိုးဝါးတဲ့ ပုံစံတစ်ခုကြောင့် အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၉နေရာ အထိ ရောက်ရှိစေခဲ့ပြီးတဲ့ နောက်မှာတော့ ချယ်လ်ဆီး အသင်းရဲ့ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ဟာ နည်းပြ သက်တမ်း ၂ နှစ်မပြည့်ခင် အချိန်မှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ ရပါတယ်။ လမ်းပတ်ရဲ့ နေရာကိုတော့ ဒေါ့မွန်အသင်းနဲ့ ပီအက်စ်ဂျီ အသင်းတို့ ရဲ့ နည်းပြဟောင်းဖြစ်သူ သောမတ်စ် တူချယ်က အစားထိုး ဝင်ရောက်လာတော့မှာပဲ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်တဲ့ လမ်းပတ် ဟာ အခုလို ထုတ်ပယ်ခံရ အပြီးမှာတော့ သူ့ရဲ့ အင်စတာဂရမ်မှာ စာတစ်စောင် ရေးသားကာ ချယ်လ်ဆီးအသင်းရဲ့ ပရိသတ်တွေကို နှုတ်ဆက် သွားခဲ့ပါတယ်။

Photo Credit: Euro Sport

အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူဟောင်း လမ်းပတ်က အသင်းပရိသတ်တွေကို မယုံနိုင်စရာကောင်းလောက်တဲ့ ထောက်ခံမှု အတွက် ကျေးဇူးတင်ကြောင်းနဲ့ အကယ်ဒမီ ကစားသမားတွေကို ပထမအသင်းကြီးနဲ့ ပေါင်းစည်းနိုင်အောင် လုပ်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူမိကြောင်း ရေးသားထားခဲ့ပါတယ်။ အခုလို အခွင့်အရေးပေးခဲ့တဲ့ အတွက် အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကိုလည်း ကျေးဇူးတင်ကြောင်း အခုလိုပဲ ပြောဆိုထားပါတယ်။ “ ကျွန်တော့်ဘဝ ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ ချယ်လ်ဆီး အသင်းကို ကိုင်တွယ်ရတာဟာ အခွင့်ထူး တစ်ခုလိုပါပဲ။ ပထမဆုံး အနေနဲ့ ပြီးခဲ့တဲ့ ၁၈ လ အတွင်း ကျွန်တော် ရရှိခဲ့တဲ့ မယုံနိုင်စရာကောင်းလောက်တဲ့ ထောက်ခံမှု‌တွေ အတွက် ပရိသတ်တွေကို ကျေးဇူးတင်ချင်ပါတယ်။ အဲ့ဒါက ကျွန်တော့်အတွက် ဘယ်လောက် အရေးပါလဲဆိုတာ သူတို့ သိလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ် ”

Photo Credit: Euro Sport

“ ကျွန်တော် နည်းပြရာထူးကို လက်ခံခဲ့တုန်းက ဘောလုံး အသင်းတစ်သင်းအတွက် ခက်ခဲတဲ့အချိန်တွေမှာ စိန်ခေါ်မှုတွေ ရှိလိမ့်မယ်ဆိုတာကို နားလည်ခဲ့ပါတယ်။ ကျွန်တော်တို့ အတူတကွ ရယူနိုင်ခဲ့တဲ့ အောင်မြင်မှုတွေ အတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်၊ ပြီးတော့ အကယ်ဒမီ ကစားသမားတွေ အနေနဲ့ အသင်းကြီး အတွက် ပထမခြေလှမ်း လှမ်းနိုင်ခဲ့ပြီးတော့ ကောင်းကောင်း ခြေစွမ်းပြနိုင်ခဲ့တဲ့ အတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ သူတို့က အသင်းရဲ့ အနာဂါတ်ပါ။ အသင်းကို ရှေ့ကို တွန်းပို့ပြီးတော့ နောက်တဆင့်ကို ရောက်အောင် စွမ်းဆောင်ဖို့ အချိန်မရခဲ့တာ နဲ့ ပတ်သက်ပြီး‌တော့ ကျွန်တော် စိတ်ပျက်မိပါတယ်။ အထူးသဖြင့် အခုလို မကြုံစဖူး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလမျိုးမှာ အေဘရာမိုဗစ်ချ်၊ ဘုတ်အဖွဲ့၊ ကစားသမားတွေ၊ နည်းပြအဖွဲ့ နဲ့ အသင်းမှာရှိတဲ့ လူတိုင်းကို သူတို့ရဲ့ ကြိုးစားအားထုတ်မှု အတွက် ကျေးဇူးတင်ချင်ပါတယ်။ အသင်းအနေနဲ့ အနာဂါတ်မှာ အောင်မြင်မှုတွေ ရရှိပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ် ” ဆိုပြီး ရေးသားထားခဲ့တာ ဖြစ်ပါတယ်။