ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ အဲဗာတန်နည်းပြ ဖရန့် လမ်းပတ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာ စီးတီးကို အရေးနိမ့်ခဲ့ရတာက ကွင်းလယ်ဒိုင်တွေရဲ့ ဘက်လိုက်မှုကြောင့်လို့ ပွဲအပြီးမှာပဲ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အဲဗာတန်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ရှုံးပွဲတွေနဲ့ မကြာခဏ ဆိုသလို ကြုံတွေ့ခဲ့ရသလို လက်ရှိမှာလည်း တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး မန်ချက်စတာ စီးတီးကို အိမ်ကွင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာက သူတို့အတွက် ဆိုးဝါးတဲ့ ရလဒ်တခုလည်း ဖြစ်ပါတယ်။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ အဲဗာတန်ဟာ မန်ချက်စတာ စီးတီးကို ခြေရည်တူ ယှဉ်ပြိုင် ကစားနိုင်ခဲ့ပြီး ခံစစ်မှူးတွေရဲ့ အမှားတခုကြောင့်သာ အနိုင်ဂိုး ခွင့်ပြုခဲ့ရတာ ဖြစ်သလို မန်ချက်စတာ စီးတီး ကွင်းလယ်လူ ရိုဒရီ တယောက် ဂိုးဧရိယာအတွင်း လက်ထိဘော ဖြစ်ခဲ့တာကို ကွင်းလယ်ဒိုင် တီယာနေးက ပင်နယ်တီ ပေးဖို့ ပျက်ကွက်ခဲ့တာတွေကြောင့် အရေးနိမ့်ခဲ့ရတာပါ။

အဲဗာတန်နည်းပြ လမ်းပတ်ကတော့ မန်ချက်စတာ စီးတီးရဲ့ လက်ထိဘောကို ပင်နယ်တီ မပေးခဲ့တဲ့ ကွင်းလယ်ဒိုင် တီယာနေးရဲ့ ဆုံးဖြတ်ချက်ကို အတော်လေး အံ့အားသင့်နေခဲ့ပြီး ဘယ်လိုအချက်ကြောင့် ပင်နယ်တီ မပေးဖို့ ဆုံးဖြတ်ခဲ့တာလဲ ဆိုတာကို ဖြေရှင်းချက် တောင်းခံသွားမယ်လို့လည်း ဆိုပါတယ်။

Photo Credit: Standard

လမ်းပတ်က – “အခု ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော်က ကွင်းလယ်ဒိုင်ကိုလည်း လက်ညှိုးငေါက်ငေါက် ထိုးပြီး ဆဲဆိုနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော်တို့ ရသင့်တဲ့ ပင်နယ်တီကို လူကျွံအနေအထား မဟုတ်ပါပဲနဲ့ ဘာလို့ မရခဲ့လဲ ဆိုတာပါပဲ။ အစကတော့ လူကျွံအနေအထား ရှိနေလို့ ပင်နယ်တီ မပေးဘူးလို့ ပြောခဲ့ပေမယ့် လူမကျွံဘူး ဆိုတာကို သိသွားတာတောင် ပင်နယ်တီ မပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်က အတော်လေး ဆိုးဝါးနေပါတယ်။ ပြီးတော့ ကွင်းလယ်ဒိုင်ရဲ့ အမြင်ကို ဘေးဖယ်ထားရင်တောင် ဒီဖြစ်ရပ်ကို ၁မိနစ်ခွဲ ၊ ၂မိနစ်လောက် သေချာကြည့်ခဲ့တဲ့ VARဒိုင်က ဘာကြောင့် ပင်နယ်တီ မပေးခဲ့တာလဲ။ ကျွန်တော့်ရဲ့ ၃နှစ် အရွယ် သမီးလေးတောင် ဒီဖြစ်ရပ်က ပင်နယ်တီ ဆိုတာ ပြောနိုင်ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့က တန်းဆင်းဇုန် ကနေ လွတ်အောင် ရုန်းကန်နေရသလို မန်ချက်စတာ စီးတီးကလည်း ချန်ပီယံဆုအတွက် ကြိုးစားနေတာပါ။ ဒါကြောင့် နှစ်သင်းစလုံး အတွက် အရာအားလုံးက အရေးကြီးပါတယ်။ ဒီလို လွယ်လွယ်ကူကူ သိနိုင်တဲ့ ပင်နယ်တီကိုတောင် မပေးခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က ဘာလဲ။ သူက ဘယ်အသင်းကို အသာစီးရစေချင်တာလဲ” လို့ ထုတ်ဖော် ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။