ပရီးမီးယားလိဂ်ကလပ်တွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အဲဗာတန်တို့ရဲ့ နည်းပြဟောင်း တဦး ဖြစ်သူ ဖရန့် လမ်းပတ်က နည်းပြချုပ်ရာထူး လစ်လပ်နေတဲ့ ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးလ် စီးတီးရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေကြောင်း အင်္ဂလန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။
အသက် ၄၅နှစ် အရွယ် အင်္ဂလန် ဂန္တဝင် ကွင်းလယ်လူ ဖရန့် လမ်းပတ်က ကစားသမားဘဝ ကနေ အနားယူပြီးနောက် ဒါဘီကို အကောင်းဆုံး ကိုင်တွယ်ပြခဲ့သလို ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အဲဗာတန်တို့ကိုလည်း နည်းပြခဲ့ဖူးပါတယ်။
Photo Credit: The Sun
ဖရန့် လမ်းပတ်က ချယ်လ်ဆီးနဲ့ အဲဗာတန်တို့မှာ မအောင်မြင်ခဲ့ပေမယ့် ချန်ပီယံရှစ်ကလပ် ဒါဘီကို ကိုင်တွယ်ခဲ့စဉ်မှာ အသင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့သလို မေဆန်မောင့်လို ကြယ်ပွင့် ကစားသမားမျိုးကိုလည်း မွေးထုတ်ပေးခဲ့ပါတယ်။
ဒါကြောင့်ပဲ နည်းပြချုပ်ရာထူး လစ်လပ်နေတဲ့ ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးလ် စီးတီးက ဖရန့် လမ်းပတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
Photo Credit: Bristol News
နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Metro Sportsရဲ့ ဖော်ပြချက်အရ ဖရန့် လမ်းပတ်ဟာ ဘရစ္စတိုးလ် စီးတီးရဲ့ နည်းပြသစ် ဖြစ်လာဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေသလို လောင်းကစားကုမ္ပဏီတွေကလည်း ဖရန့် လမ်းပတ် တယောက် ဘရစ္စတိုးလ် စီးတီးရဲ့ နည်းပြချုပ် ဖြစ်လာမယ် ဆိုတဲ့ ကြေးဖွင့်မှုကို စပိတ်နေကြောင်း သိရပါတယ်။
ဘရစ္စတိုးလ် စီးတီးက နည်းပြချုပ် နီဂယ်လ် ပီယာဆန်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ဖရန့် လမ်းပတ် အပါအဝင် နည်းပြအများအပြားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး ဘရစ္စတိုးလ် စီးတီးရဲ့ ဒီရာသီ ရည်မှန်းချက်ကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တက်နိုင်မယ့် ပလေးအော့ဖ် ကစားခွင့်ပဲ ဖြစ်ပါတယ်။