ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် ကစားသမားတွေထဲက တဦး ဖြစ်သလို ချယ်လ်ဆီးနည်းပြဟောင်းလည်း ဖြစ်တဲ့ ဖရန့် လမ်းပတ်ကတော့ အမြဲတမ်း နည်းပြနေရာ လစ်လပ်နေတဲ့ အဲဗာတန်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ် သက်တော်ရှည် အသင်းတွေထဲက တသင်း ဖြစ်တဲ့ အဲဗာတန်ဟာ မကြာသေးမီကမှ အသင်းရဲ့ နည်းပြ ဘင်နီတက်ဇ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး အသင်းရဲ့ ကစားသမားဟောင်း ဒန်ကန် ဖာဂူဆန်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ထားပါတယ်။
Photo Credit: The Sun
အဲဗာတန်ဟာ ဒန်ကန် ဖာဂူဆန်ကို ယာယီနည်းပြ အဖြစ် ခန့်ထားပေမယ့် သူ့ရဲ့ စီမံခန့်ခွဲမှုပိုင်းကို သဘောမကျတာကြောင့် အမြဲတမ်းနည်းပြနေရာ အတွက် နည်းပြသစ် တဦးကို စတင် ရှာဖွေနေပြီး ချယ်လ်ဆီးနဲ့ ဒါဘီ နည်းပြဟောင်း လမ်းပတ်က သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် နည်းပြတွေထဲက တဦးပဲ ဖြစ်ပါတယ်။
အင်္ဂလန် ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ်ဟာ အရည်အသွေးမြင့် တက်သစ်စ နည်းပြတွေထဲက တဦး ဖြစ်ပြီး ချယ်လ်ဆီးနဲ့ ဒါဘီတို့ကို ကိုင်တွယ်ခဲ့စဉ်ကလည်း သူ့ရဲ့ တိုက်စစ် အသားပေး ကစားဟန်နဲ့ လူငယ် ကစားသမားတွေကို နေရာပေးလေ့ ရှိတဲ့ စရိုက်တို့ကို အထင်အရှား ပြသနိုင်ခဲ့ပါတယ်။
Photo Credit: The Sun
ဒါကြောင့်ပဲ အဲဗာတန်က လမ်းပတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ မျက်စိကျနေတာ ဖြစ်ပြီး နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ လမ်းပတ်ဟာ အဲဗာတန်ရဲ့ နည်းပြနေရာ အတွက် အင်တာဗျူးတွေ ဝင်ထားသလို အဲဗာတန်ဘုတ်အဖွဲ့ကလည်း လမ်းပတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောကျနေကြောင်း သိရပါတယ်။
ကဲ ကျွန်တော်တို့ရဲ့ စူပါဖရန့်ကြီးကို မြက်ခင်းစိမ်းတွေရဲ့ နံဘေးမှာ ပြန်လည် မြင်တွေ့ရတော့မှာလား…?