အားလုံးသိကြတဲ့အတိုင်း အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်း ဖြစ်သူ နည်းပြ ဖရန့် လမ်းပတ် ဟာ ချယ်လ်ဆီး အသင်းကို ဒီရာသီ ကိုင်တွယ်ရာမှာ ပုံစံကောင်းရောက်ရှိအောင် မစွမ်းဆောင်နိုင်ပဲ ညံ့ဖျင်းပြီး‌တော့ အမှတ်ပေးဇယား ရပ်တည်မှုမှာ အဆင့် ၉ နေရာအထိကျဆင်းခဲ့ကာ ဇယားထိပ်က မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ရမှတ် ကွာဟမှုက စုစုပေါင်း ၁၁ မှတ်အထိ ရှိလာခဲ့တာကြောင့် မကြာသေးခင်ကမှ နည်းပြ ရာထူးကနေ ပူပူနွေးနွေး အထုတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ လမ်းပတ် ရဲ့ နေရာမှာတော့ ဘွန်ဒက်လီဂါ ကလပ် ဒေါ့မွန် အသင်းနဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီ အသင်းတို့ကို တာဝန်ယူ ကိုင်တွယ်ဖူးခဲ့တဲ့ နည်းပြဟောင်းဖြစ်သူ သောမတ်စ် တူချယ် ကို ခန့်အပ်သွားတော့မှာ ဖြစ်ပါတယ်။

Photo Credit: Talksport

ဖရန့် လမ်းပတ် အနေနဲ့ အခုလို နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာဟာ နာရီပိုင်းမျှသာ ရှိသေးပေမယ့်လည်း နောက်ထပ် အသင်းတစ်သင်းရဲ့ နည်းပြ ဖြစ်လာဖို့ အတွက် ရေပန်စား‌လို့ နေပြန်ပါတယ်။ အဲ့ဒါကတော့ စကော့တလန် နိုင်ငံက နာမည်ကြီး ထိပ်တန်း အသင်းတစ်သင်းဖြစ်တဲ့ ဆဲလ်တစ် အသင်းရဲ့ နည်းပြ ဖြစ်လာဖို့ အတွက် အလားအလာ ရှိနေပြီးတော့ သူ့ရဲ့ ဂုဏ်သိက္ခာပိုင်းကို ပြန်လည်တည်ဆောက်ဖို့ အခြေအနေပေးနေတာ ဖြစ်ပါတယ်။ ဆဲတစ်လ် အသင်းဟာလည်း ဒီရာသီ အမှတ်ပေးဇယား ရပ်တည်မှုမှာ ဒုတိယနေရာက ရပ်တည်နေပေမယ့်လည်း ဇယားထိပ်ဆုံးက ရိန်းဂျားစ် အသင်းနဲ့ ရမှတ် ကွာဟမှုက ၂၃ မှတ်အထိ ရှိနေတာကြောင့် လက်ရှိနည်းပြ ဖြစ်သူ နီးလ်လန်နွန် ကို ထုတ်ပယ်ဖို့ရာ အတွက် စဉ်းစားလျက်ရှိနေတာ ဖြစ်ပါတယ်။

Photo Credit: Talksport

Grandnational က တွက်ချက်ထားတဲ့ စစ်တမ်းတွေအရတော့ ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ် ဟာ ဆဲလ်တစ် နည်းပြ ရာထူး အတွက် နယူးကာဆဲလ် နည်းပြဟောင်း ရာဖေးလ် ဘင်နီတက်ဇ် ရဲ့ နောက် ဒုတိယနေရာက လိုက်နေတာ ဖြစ်ပါတယ်။ Grandnational ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ “ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းကြီးမားတဲ့ အပြောင်းအလဲတွေအရတော့ အင်္ဂလန် ကစားသမားဟောင်းက ဆဲလ်တစ် ရဲ့ နည်းပြဖြစ်နိုင်ချေ ၄၀/၁ ကနေ ဒီ‌ကနေ့မှာပဲ ၁/၂ အထိ ကို လျှင်လျှင်မြန်မြန်ပဲ ပြောင်းလဲသွားခဲ့ပါတယ်။ ရာခိုင်နှုန်းအတိုင်းဆိုရရင်တော့ လမ်းပတ် ဟာ ဆဲလ်တစ်ရဲ့ နည်းပြသစ် ဖြစ်လာနိုင်ချေ ၆၆.၇ % မှာ ရှိနေပါတယ် ” လို့ပြောဆိုခဲ့ပါတယ်။ အခြားသော ဆဲလ်တစ် နည်းပြသစ် ဖြစ်လာနိုင်ချေရှိတဲ့ စာရင်းကတာ့ ရာဖေးလ်ဘင်နီတက်ဇ်- ၁/၄, ဖရန့်လမ်းပတ်- ၁/၂, အက်ဒီဟောင်ဝီ- ၄/၁, ဂျွန် ကနက်ဒီ- ၁၂/၁, ဂျက်ရိုစ်- ၁၆/၁, ရိုင်ကိန်း- ၁၆/၁, လီယိုနာဒိုဂျာဒင်- ၂၀/၁ တို့ပဲ ဖြစ်ကြပါတယ်။