ချယ်လ်ဆီးအသင်းရဲ့နည်းပြဖြစ်သူ ဖရန့်လမ်းပတ်က မနေ့ညက ကျင်းပခဲ့တဲ့ လက်စတာအသင်းနဲ့ အက်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အတွင်း သူ့အသင်းရဲ့ ပထမပိုင်းကစားပုံက လုံးဝကို စိတ်ကျေနပ်စရာမရှိခဲ့ပဲ ဒုတိယပိုင်းအစမှာ လူစားလဲမှုတွေ ပြုလုပ်ခဲ့လို့ ကစားပုံ ပြန်ကောင်းသွားခဲ့တဲ့အပြင် လိုအပ်နေတဲ့ သွင်းဂိုးကိုပါ ရရှိခဲ့တာဖြစ်ကြောင်းနဲ့ ဒုတိယပိုင်းအစမှာ လူစားလဲမှုကို (၈)ကြိမ်(၉)ကြိမ်လောက်အထိ လုပ်ဆောင်သွားချင်စိတ်ဖြစ်လောက်အောင် ပထမပိုင်းကစားပုံက ဆိုးရွှားနေခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : WAGNH

ချယ်လ်ဆီးအသင်းရဲ့နည်းပြလမ်းပတ်ဟာ လက်စတာနဲ့ အက်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်ရဲ့ ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာ ပွဲထွက်ကစားနေရတဲ့ လူငယ်ကစားသမားလေးတွေဖြစ်တဲ့ မေဆန်မောင့် ဂေးလ်မောနဲ့ ရီးစ်ဂျိမ်းစ်တို့နေရာမှာ ဘာကလေ ကိုဗာဆစ်နဲ့ အက်စ်ပီလီကွယ်တာတို့လို ဝါရင့်ကစားသမားတွေနဲ့ လူစားလဲခဲ့လိုက်ကာ ဒီကစားသမားထဲကမှ ဘာကလေက ချယ်လ်ဆီးအတွက် အနိုင်ဂိုးကိုပါ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကိစ္စနဲ့ပတ်သက်ပြီး လမ်းပတ်က “ကျွန်တော် ဒီအသင်းကို စကိုင်တွယ်ချိန်ကနေ အခုထိ ဒီလိုဆိုးရွှားတဲ့ပုံစံမျိုးနဲ့ မကစားဖူးသေးပါဘူး”

Photo Credit : Sky Sports

“ကျွန်တော်တို့အသင်း ရှံးနိမ့်ခဲ့ရတဲ့ပွဲတွေမှာတောင် ဒီထက်မက ပိုကောင်းအောင် ကစားနိုင်ခဲ့သေးတယ်။ လက်စတာဘက်ကနေ အခွင့်အရေးတွေကို အသုံးမချသွားနိုင်တာပဲ ကျွန်တော်တို့ ကံကောင်းခဲ့တယ်လို့ ဆိုရမယ်။ ကျွန်တော် လူစားလဲမှုကို (၃)ကြိမ် ပြုလုပ်ခဲ့ရပေမယ့် တကယ်ဆိုရင် (၈)ကြိမ်(၉)ကြိမ်လောက်အထ်ကို လုပ်လိုက်ချင်တာပါ။ လူစားလဲလိုက်ပြီးမှ ကစားပုံလေး ပြောင်းလဲလာပြီး ပိုကောင်းလာခဲ့တယ်ဆိုပေမယ့် အရမ်းတော့လည်း ကောင်းလာတာမျိုး မဟုတ်ပါဘူး။ ပွဲအတွင်းမှာ ဘောလုံးထိချက်တွေများစွာ ရရှိခဲ့တယ်။ နောက်ပွဲတွေဆိုရင်တော့ ကျွန်တော်ဒီထက်မက ပိုကောင်းအောင် ကစားပြဖို့ လိုအပ်နေပါပြီ။ ဒါက ပထမပိုင်းတစ်ခုတည်းတင်မကဘူး။ ဒုတိယပိုင်းမှာတောင် တချက်တချက် အသင်းရဲ့ ကစားပုံက လိုအပ်ချက်တွေ ရှိနေပါသေးတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်စတာကို တစ်ဂိုးတည်းနဲ့ ကပ်နိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ အက်အေဖလား ဆီမီးဖိုင်နယ်အဆင့်မှာတော့ ဒီရာသီ သူတို့အသင်းနဲ့ (၃)ကြိမ်တွေ့ဆုံခဲ့ရာမှာ (၃)ကြိမ်လုံးကို အနိုင်ယူထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ထိပ်တိုက်ဆုံတွေ့သွားရမှာဖြစ်ပြီး ယူနိုက်တက်ကတော့ အက်အေဖလား ကွာတားဖိုင်နယ်မှာ နောရစ်ချ်စီးတီးကို အချိန်ပိုမှာ သွင်းယူခဲ့တဲ့ မက်ဂွိုင်းယားရဲ့အနိုင်ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်လာခဲ့တာဖြစ်ပါတယ်။