ချယ်လ်ဆီးအသင်းရဲ့နည်းပြဖြစ်သူ လမ်းပတ် ကတော့ ယနေ့မနက်မှာ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အစဉ်အလာပြိုင်ဘက် မန်ယူအသင်းကို အိမ်ကွင်း စတမ်းဘရက်ဖို့ဒ်မှာ နှစ်ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့အပြီးမှာတော့ ပွဲချိန်အတွင်း အငြင်းပွားစရာတွေ ပြုလုပ်ခဲ့တဲ့ VARကို ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။

Photo Credit: Mirror.com

Video Assistant Refreeဆိုတဲ့ VARစနစ် ကို ပရီးမီးယားလိဂ်မှာ လက်ရှိဘောလုံးရာသီမှာမှ စတင်အသုံးပြုခဲ့တာဖြစ်ပြီး လိုတာထက် ပိုတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဝေဖန်မှုတွေ အများအပြားနဲ့ ရင်ဆိုင်နေရတဲ့ စနစ်တစ်ခုလည်း ဖြစ်ပါတယ်။ လမ်းပတ်ကတော့ သူ့အသင်းရဲ့ သွင်းဂိုးနှစ်ဂိုးစလုံးကို ပယ်ဖျက်ခဲ့တဲ့အပြင် မန်ယူအသင်းရဲ့ ခံစစ်မှူး မက်ဂွိုင်းယားက သူ့ရဲ့ တိုက်စစ်မှူး ဘက်ရှူအာရီကို ကန်ကျောက်ခဲ့မှုအပေါ် အနီကတ်မပြခဲ့တဲ့အတွက် ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

Photo Credit: Mirror.com

မက်ဂွိုင်းယားဟာ ပွဲကစားချိန် ၂၁မိနစ်မှာ ဘက်ရှူအာရီနဲ့ ဘောလုံးယှဉ်လုတဲ့ အနေအထားမှာ လဲကျသွားခဲ့ရာကနေ ဘက်ရှူအာရီကို ခြေထောက်နဲ့ ကန်ကျောက်ခဲ့တာဖြစ်ပြီး အဆိုပါအပြုအမူနဲ့ ပတ်သတ်ပြီး ဒိုင်လူကြီး အန်တိုနီတေလာဟာ VARရဲ့ အကူအညီကို ယူခဲ့ပါတယ်။ VARကတော့ မက်ဂွိုင်းယားရဲ့ အပြုအမူဟာ သာမန်တုံ့ပြန်မှုသာဖြစ်ကာ ကြမ်းတမ်းတဲ့ အပြုအမူမဟုတ်ဘူးလို့ ဆုံးဖြတ်သွားခဲ့တာလဲ ဖြစ်ပါတယ်။

Photo Credit: Mirror.com

ပွဲအပြီးမှာတော့ လမ်းပတ်က မက်ဂွိုင်းယားကို အနီကတ်နဲ့ မထုတ်ပယ်ခဲ့တဲ့ VARကို အခုလိုပဲ ဝေဖန်သွားခဲ့ပါတယ်။ လမ်းပတ်က ” သူ ( မက်ဂွိုင်းယား ) ဟာ အနီကတ်ထိခဲ့သင့်တာပါ။ အခုတော့ သူက ဒုတိယဦးဆောင်ဂိုးကိုတောင် သွင်းသွားခဲ့ပါတယ်။ ဒီလိုကိစ္စတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ဟာ VARကိုလိုအပ်ခဲ့တာပါ ” လို့ ဝေဖန်ပြောဆိုသွားခဲ့တာပါ။