MySport Myanmar

၂ဂိုးပြတ် ရှုံးခဲ့ပေမယ့် စတမ်းဖို့ဒ် ဘရေ့ချ်မှာ ရီးရဲလ်ကို နိုင်မယ်လို့ ယုံနေတဲ့ လမ်းပတ်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ယာယီနည်းပြ ဖြစ်သူ ဖရန့် လမ်းပတ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ကစားရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ ရလဒ်ကောင်း တခု ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ချယ်လ်ဆီးတို့က ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ အိမ်ရှင် ရီးရဲလ်မက်ဒရစ်က အဓိက ကစားသမားတွေ ဖြစ်တဲ့ ဘန်ဇီမာနဲ့ အဆန်စီယိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

Photo Credit: UEFA

ရီးရဲလ်မက်ဒရစ်က လက်ရှိ ချန်ပီယံလိဂ်ရဲ့ ချန်ပီယံ ဖြစ်သလို သူတို့အသင်းရဲ့ လတ်တလော ခြေစွမ်းပိုင်းက ချယ်လ်ဆီးထက် ပိုမို ကောင်းမွန်နေတာကြောင့် အိမ်ကွင်းမှာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဆီ တက်နိုင်တော့မယ် ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။

ချယ်လ်ဆီးရဲ့ ယာယီနည်းပြ ဖြစ်သူ လမ်းပတ်ကတော့ သူတို့အသင်းဟာ ပထမအကျော့မှာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ ဖြစ်တဲ့ စတမ်းဖို့ဒ် ဘရေ့ချ်မှာ ကစားရမယ့် ပွဲစဉ်မှာ သူတို့အသင်းဟာ မှော်ဆန်တဲ့ ခြေစွမ်းမျိုးတွေနဲ့အတူ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ကြောင်း ဆိုလာပါတယ်။

Photo Credit: Express

လမ်းပတ်က – “ကျွန်တော်က ကစားသမား ၁၀ယောက် အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့တွေ ၁၀ယောက်ထဲ ဖြစ်သွားတဲ့ အချိန်မှာ သူတို့က ကျွန်တော်တိုကို စိတ်ကြိုက် ကစားသွားခဲ့ပါတယ်။ ကျွန်တော်တို့တွေ ကစားပုံ ကောင်းခဲ့တဲ့ အခိုက်အတန့်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ရလဒ်ကတော့ အမှန်တရားပါပဲ။ ကျွန်တော်က ကစားသမားတွေကို အဝတ်လဲခန်းထဲမှာ ပြောခဲ့ပါသေးတယ်။ ကျွန်တော်တို့က စတမ်းဖို့ဒ် ဘရေ့ချ်မှာ ထူးရှယ်အရာတွေ လုပ်ဆောင်နိုင်ပါတယ်။ (ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူကာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်မှုအား ရည်ရွယ်လျက်) ရီးရဲလ်မက်ဒရစ်က အသင်းကောင်း တသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိဖို့ လိုပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ချယ်လ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကိုတော့ လာမယ့် ဧပြီလ ၁၉ရက်နေ့မှာ ချယ်လ်ဆီးရဲ့ အိမ်ကွင်းဖြစ်တဲ့ စတမ်းဖို့ဒ် ဘရေ့ချ်ကွင်းထဲမှာ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

Exit mobile version