လက်ရှိမှာ ချဲလ်ဆီးအသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူ ဆောင်ရွှက်သွားတော့မယ့် ဖရန့်လမ်းပတ်က သူ့အသင်းဟောင်း ချဲလ်ဆီးဆီကနေ နောက်ထပ် ဆက်သွယ်မှုတစ်ခု ရရှိလာခဲ့တဲ့အပေါ် အံ့အားသင့်ခဲ့ရပေမယ့် အသင်းရဲ့ ယာယီနည်းပြရာထူးကို လက်ခံဖို့အတွက်ကတော့ လွယ်လွယ်ကူကူ ဆုံးဖြတ်ခဲ့ရတာလို့ ပြောဆိုသွားခဲ့ပါတယ်။

Image

Photo Credit : Twitter

ချဲလ်ဆီးအသင်းဟာ ဒီရာသီမှာ နည်းပြ အပြောင်းအလဲတွေ များစွာ လုပ်ဆောင်ခဲ့ပြီး ရာသီအစပိုင်းမှာ သောမတ်စ်တူဟယ်လ်ကို ထုတ်ပယ်ခဲ့ပြီးနောက် ဂရေဟမ်ပေါ်တာကို အစားထိုး ခန့်အပ်ခဲ့ပေမယ့် ပေါ်တာကိုလည်း ဧပြီလ အစပိုင်းမှာပဲ ထပ်မံ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီအချိန်မှာ နည်းပြသစ်တစ်ဦးကို ထပ်မံ ခန့်အပ်ဖို့ ပြင်ဆင်နေပေမယ့်လည်း အသင်းကို permanent ကိုင်တွယ်နိုင်မယ့် နည်းပြတစ်ဦး မရခင်မှာ အသင်းရဲ့ ကစားသမားဟောင်းကြီးလည်းဖြစ် နည်းပြဟောင်းတစ်ဦးလည်းဖြစ်တဲ့ လမ်းပတ်ကိုသာ ရာသီကုန်အထိ ယာယီနည်းပြအဖြစ် တာဝန်ပေးလိုက်ပါတယ်။

Image

Photo Credit : Twitter

“ဒါက အံ့အားသင့်မှုတစ်ခု ဖြစ်ခဲ့ရတယ်။ ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုမှ မသိနိုင်တော့ အံ့အားသင့်ခဲ့မိပါတယ်။ အထူးသဖြင့်တော့ ကျွန်တော်က အိမ်မှာပဲနေရင်း မိသားစုတွေနဲ့အတူ အချိန်တွေ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးနေတာ။ အိမ်မှာ နေဖို့ အချိန်ရမယ်ဆိုရင် အခုလို မိသားစုတွေကိုပဲ ကျွန်တော့်အချိန်တွေ ပေးထားမိမှာပါ။ အခုကတော့ ကျွန်တော့်အတွက် လွယ်ကူလွန်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးဆိုတာ ကျွန်တော်ရဲ့ ကလပ်အသင်းပါ။ နောက်ပြီး ကျွန်တော်ကလည်း အရမ်းကို လက်တွေ့ကျတဲ့သူပါ”

Image

Photo Credit : Twitter

“ချဲလ်ဆီးကနေ ထွက်ခွာသွားပြီးကတည်းက ကျွန်တော် မတူညီတဲ့ လမ်းကို လျှောက်လာခဲ့ရပေမယ့်လည်း အသင်းဆီ ပြန်လာဖို့ တောင်းဆိုတဲ့အခါ ဒီအသင်းကို ရာသီကုန်ဆုံးအချိန်ထိ အကောင်းဆုံး ကူညီပေးနိုင်မယ်လို့ ယုံကြည်တဲ့ စိတ်နဲ့ ကျွန်တော် ပြန်လာခဲ့ပါတယ်။ ဒီအခွင့်အရေးကို ရရှိခဲ့လို့လည်း အရမ်း ဝမ်းမြောက်ရသလို ကျေးဇူးလည်း တင်မိပါတယ်။ ကျွန်တော် ဒီ ကစားသမား အစုအဖွဲ့ ၊ လေ့ကျင့်ရေးကွင်း ၊ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းနဲ့ အသင်းပရိသတ်တွေအကြောင်းကို ကောင်းကောင်း နားလည်ထားပါတယ်။ ကျွန်တော့်အသင်းအတွက် အကောင်းဆုံး ကြိုးစားသွားမှာပါ” လို့ လမ်းပတ်က ပြောဆိုသွားခဲ့ပါတယ်။