WHOရဲ့ ကမ္ဘာ့ကပ်ရောဂါ တစ်ခုအဖြစ် သတ်မှတ်ခြင်းကို ခံထားရတဲ့ ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုကြောင့် ရပ်နားထားခဲ့ရတဲ့ ဥရောပ ဘောလုံးပြိုင်ပွဲတွေဟာ မကြာမီအချိန် အတွင်းမှာပဲ ကျွန်တော်တို့ဆီကို ပြန်ရောက်လာတော့မယ်လို့ သိရပါတယ်။ လက်ရှိမှာ ဂျာမန် ဘွန်ဒက်လီဂါပြိုင်ပွဲဟာ ယခုလ ၁၆ရက်နေ့မှာ ပြန်လည် စတင်တော့မှာဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ကြေညာထားသလို ဥရောပ အင်အားကြီး လိဂ်တွေဖြစ်တဲ့ အီတလီ စီးရီးအေပြိုင်ပွဲနဲ့ စပိန်လာလီဂါပြိုင်ပွဲတို့ဟာလည်း မကြာမီမှာပဲ ကစားတော့မှာ ဖြစ်တယ်လို့ ခိုင်လုံတဲ့ သတင်းဌာနတွေက ဖော်ပြထားခဲ့ကြပါတယ်။

Photo Credit: Marca.com

စီးရီးအေပြိုင်ပွဲနဲ့ လာလီဂါပြိုင်ပွဲ​တို့ဟာ လက်ရှိအချိန်မှာ ကစားသမားတွေကို ဆေးစစ်မှုတွေ စတင် လုပ်ဆောင် နေပြီး ဆေးစစ်မှုတွေ လုပ်ဆောင်ပြီးပါက ကစားသမားတွေကို အသင်းနဲ့ ပူးပေါင်းကာ လေ့ကျင့်ခန်းတွေ စတင် ပြုလုပ်ဖို့အတွက် ခွင့်ပြုချက် ထုတ်ပေးမယ်လို့ စပိန်သတင်းစာတွေရော ၊ အီတလီသတင်းစာတွေကပါ ထုတ်ဖော် ရေးသားထားကြပါတယ်။ စပိန်သတင်းစာတွေရဲ့ အဆိုအရတော့ လာလီဂါ ပြိုင်ပွဲဟာ ဇွန်လအတွင်းမှာပဲ ပြန်လည် စတင်မှာ ဖြစ်ကြောင်း ကနဦးမှာ သိရှိထားရပြီး လက်ရှိမှာတော့ လာလီဂါပြိုင်ပွဲဝင်အသင်း ဖြစ်တဲ့ လီဂါနက်အသင်းရဲ့ နည်းပြဖြစ်သူ အာဂူရီက အဆိုပါသတင်းတွေဟာ မှန်ကန်ကြောင်း အတည်ပြုပေးသွားခဲ့ပါတယ်။

Photo Credit: Marca.com

လာလီဂါပြိုင်ပွဲရဲ့ အဆင့်၁၉နေရာမှာ ရှိနေတ​ဲ့ လီဂါနက်အသင်းဟာ တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အသင်းဖြစ်ပြီး ရမှတ်၂၃မှတ် သာ ရရှိထားပေမယ့် အမှတ်ပေးဇယားရဲ့ အဆင့် ၁၂နေရာက ရီးရဲလ်ဘက်တစ်အသင်းနဲ့ ၁၀မှတ်သာ ကွာဟတာကြောင်​့ တန်းဆင်းဇုန် ကနေ လွတ်ကင်းဖို့ အခွင့်အရေး ရှိနေပါတယ်။ ဒါ့ကြောင့် လာလီဂါပြိုင်ပွဲ ပြန်လည် စတင်မယ့် ကိစ္စကို သိရှိပြီးနောက်မှာ အာဂူရီဟာ ပျော်ရွှင် ခဲ့ရပြီး မာကာသတင်းစာကို လာလီဂါပြိုင်ပွ​ဲ ပြန်လည် စတင်တော့မယ့်အကြောင်း ဖွင့်ဟ ပြောကြားသွားပါတယ်။ အာဂူရီက ” လာလီဂါ ပြိုင်ပွဲကို ပြန်လည် စတင်မယ့် နေ့ရက်ကို သိရပြီးပါပြီ။ ကျွန်တော်တို့ဟာ ဇွန်လ ၂၀ရက်နေ့မှာ ပြိုင်ပွဲကို ပြန်လည်စတင်တော့မှာပါ ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။