ဘိုင်ယန်မြူးနစ်နဲ့ ဂျာမဏီအသင်းတို့ရဲ့ အသင်းခေါင်းဆောင်ဟောင်း တဦး ဖြစ်တဲ့ ဂန္တဝင် ညာနောက်ခံလူ ဖိလစ်လမ်းကတော့ သူဟာ ယခု ကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့အသင်းကို ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ဖူးတဲ့ အာဂျင်တီးနားကို အားပေးနေကြောင်း သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ တဆင့် ပြောဆိုလာပါတယ်။

အသက် ၃၉နှစ် အရွယ် ဂျာမဏီ ဂန္တဝင် ညာနောက်ခံလူ ဖိလစ်လမ်းက နောက်ခံလူ အဖြစ် ကစားခဲ့ပေမယ့် ကစားသမား ဘဝ တလျှောက်လုံးမှာ အနီကတ် တကြိမ်မှ မထိခဲ့တဲ့ ရှားပါး ကစားသမားတွေထဲက တဦး ဖြစ်ပြီး သူ့ရဲ့ ခေါင်းဆောင်နိုင်စွမ်း ၊ ပြိုင်ဘက်အပေါ် လေးစားမှုနဲ့ ရိုးသားစွာ ကစားတတ်မှုတို့ကြောင့် ယခုချိန်အထိ ဘောလုံးပရိသတ်တွေ အားလုံးရဲ့ ရင်ထဲမှာ အချစ်တော် ကစားသမား တဦး အဖြစ် ရှိနေပါသေးတယ်။

Photo Credit: Bild

ဖိလစ်လမ်းက ၂၀၁၄ခုနှစ်မှာလည်း ဂျာမဏီကို ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ ဂျာမဏီဟာ မက်ဆီ ဦးဆောင်လာတဲ့ အာဂျင်တီးနားကို ဂေါ့ဇီရဲ့ နာကျင် အချိန်ပို သွင်းဂိုးနဲ့ အနိုင်ရကာ ကမ္ဘာ့ဖလား ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။

ဖိလစ်လမ်းက ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အပြီးမှာ ငိုကြွေးနေခဲ့တဲ့ မက်ဆီကို နှစ်သိမ့်ပေးခဲ့သလို ယခုတကြိမ်မှာလည်း သူ့ရဲ့ ဂျာမဏီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတာကြောင့် သူဟာ မက်ဆီ ဦးဆောင်နေတဲ့ အာဂျင်တီးနားကို အားပေးနေကြောင်းနဲ့ ဒီတကြိမ်မှာ အာဂျင်တီးနားဟာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

Photo Credit: Bild

ဖိလစ်လမ်းက – “ကျွန်တော်ကတော့ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကပဲ ဗိုလ်စွဲသွားလိမ့်မယ်လို့ ထင်ပါတယ်။ ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနား ကစားသမားတွေက ပြဿနာတိုင်းကို မက်ဆီ တယောက်ထဲကိုပဲ ဖြေရှင်းခိုင်းခဲ့ပါတယ်။ အခုတော့ အာဂျင်တီးနား ကစားသမားတွေက မက်ဆီအတွက် ကစားပေးနေကြပါပြီ” လို့ သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ ရေးသား ဖော်ပြသွားခဲ့တာပါ။

လက်ရှိမှာတော့ မက်ဆီ ဦးဆောင်နေတဲ့ အာဂျင်တီးနားက ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ ခရိုအေးရှားနဲ့ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေပြီး အကယ်၍ သူတို့ကသာ ခရိုအေးရှားကို အနိုင်ရခဲ့ရင် တဖက် ပွဲစဉ်ဖြစ်တဲ့ မော်ရိုကိုနဲ့ ပြင်သစ်တို့ရဲ့ ပွဲမှာ အနိုင်ရတဲ့ အသင်းနဲ့ ဗိုလ်လုပွဲမှာ ရင်ဆိုင် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။