စပိန် ဝန်ကြီးချုပ် ဖြစ်သူ ပက်ဒရို ဆန်းချက် (Pedro Sanchez) က စပိန်ပြည်သူတွေကို မိန့်ခွန်း ပြောသွားတဲ့ အချိန်မှာ ပွဲလမ်းသဘင် အများစုကို ပြန်လည် စတင်ခွင့် ပြုတော့မှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပြီး လာလီဂါ ပြိုင်ပွဲကို လာမယ့် ဇွန်လ (၈) ရက်နေ့က ပြန်စနိုင်တယ်လို့ ဆိုပါတယ်။ စပိန် လာလီဂါ ပြိုင်ပွဲဟာ ကမ္ဘာ့ ကပ်ရောဂါ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် မတ်လကတည်းက ရပ်နားခဲ့ရပြီး လာလီဂါ ပွဲစဉ် (၂၇) ပွဲ ကစားပြီးတဲ့ အချိန်မှာ နည်းပြ ဆက်တီယန်ရဲ့ ဘာစီလိုနာအသင်းက ရမှတ် (၅၈) မှတ် ရရှိထားတာကြောင့် အဆင့်် (၁) နေရာကနေ ဦးဆောင်ခဲ့ပါတယ်။

Photo Credit: Goal

လာလီဂါ ပြိုင်ပွဲဟာ မတ်လကတည်းကနေ ရပ်နားခဲ့ရတာကြောင့် လက်ရှိမှာ လာလီဂါ ပြိုင်ပွဲကို ရပ်နားထားတာ (၂) လကြာ နီးပါး ရှိနေပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်က စပိန်အသင်းတွေ အားလုံးကို အသင်းလိုက် လေ့ကျင့်ရေး ပြန်ဆင်းဖို့ ပြန်လည် ခွင့်ပြုပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဥရောပ ထိပ်သီး (၅) လိဂ်မှာ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်ပြီးနောက် လက်ရှိရာသီကို ပထမဆုံး ပြန်လည် စတင်ခဲ့တဲ့ လိဂ် ပြိုင်ပွဲ ဖြစ်ပြီး ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲကို ပြန်လည် စတင်ခဲ့တဲ့ အချိန်မှာ လုံခြုံရေးအတွက် ဘောလုံး ပြိုင်ပွဲကို ပရိသတ်တွေ မပါဘဲ ကွင်းပိတ် ကစားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

စပိန်လာလီဂါ ပြိုင်ပွဲဟာ ဥရောပထိပ်သီး လိဂ် (၅) လိဂ်မှာ ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲပြီးရင် လက်ရှိရာသီ ဘောလုံး ပြိုင်ပွဲကို ပြန်လည် စတင်တဲ့ ဒုတိယ လိဂ် ပြိုင်ပွဲ ဖြစ်လာဖွယ် ရှိပြီး စပိန် ဝန်ကြီးချုပ် ဆန်းချက်က ဇွန်လ (၈) ရက်နေ့မှာ ပြန်စဖွယ် ရှိတယ်လို့ ပြောသွားပါတယ်။ Goal သတင်းမှာ စပိန် ဝန်ကြီးချုပ် ဖြစ်သူ ပက်ဒရို ဆန်းချက် “စပိန်နိုင်ငံက လုပ်သင့်တာကို လုပ်ပြီးသွားပါပြီ။ အခုအချိန်မှာ မျက်နှာစာသစ်တွေက လူတိုင်းအားလုံးအတွက် ပြန်ပွင့်နေပါပြီ။ နေ့စဉ် လုပ်ဆောင်ကြတဲ့ လှုပ်ရှားမှုတွေ အများစုကို ပြန်စတင်ရမယ့် အချိန် ပြန်ရောက်လာပါပြီ။ လာမယ့် ဇွန်လ (၈) ရက်နေ့က လာလီဂါ ပြိုင်ပွဲ ပြန်စနိုင်ပါတယ်”လို့ ပြောကြားသွားပါတယ်။