အမေရိကန် မေဂျာလိဂ်ရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အယ်လ်အေ ဂလက်ဇီဟာ ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီနဲ့အတူ ပုံမှန် ပွဲထွက်ခွင့် ရဖို့နဲ့ ခြေစွမ်းကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ ဝါရင့် စပိန်နောက်ခံလူ ဆာဂျီယို ရာမို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၅နှစ် အရွယ် ဝါရင့် စပိန်နောက်ခံလူ ဆာဂျီယို ရာမို့စ်ဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ ရီးရဲလ်မက်ဒရစ် ကနေ ပီအက်စ်ဂျီထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၃ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Express

ရီးရဲလ်မက်ဒရစ် ကနေ ပီအက်စ်ဂျီထံ ပြောင်းရွှေ့လာပြီးနောက် ရာမို့စ်ဟာ ပီအက်စ်ဂျီရဲ့ အားထားရတဲ့ ခံစစ်မှူး ဖြစ်လာလိမ့်မယ်လို့ အများက ထင်မှတ်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ရာမို့စ်ဟာ ပြင်သစ်မြေပေါ် စတင် ရောက်ရှိကတည်းက ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန်ခဲ့ရပြီး ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံမှာ ၅ပွဲသာ ပါဝင် ကစားပေးထားနိုင်ပါတယ်။

ပီအက်စ်ဂျီနဲ့ နီးစပ်တဲ့ သတင်းထောက်တွေ ကတော့ ရာမို့စ်ဟာ ကုသရ ခက်ခဲတဲ့ ခြေသလုံးကြွက်သား ဒဏ်ရာတမျိုးကို ခံစားနေရတာ ဖြစ်ပြီး အဆိုပါဒဏ်ရာကြောင့်ပဲ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးအထိ အနားယူရနိုင်ကြောင်းနဲ့ ပီအက်စ်ဂျီက ရာမို့စ်ကို ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း ထုတ်ဖော် ပြောဆိုထားကြပါတယ်။

Photo Credit: Express

နာမည်ကြီး ပြင်သစ် သတင်းထောက် ဖြစ်သူ ဆန်တီ အော်နာရဲ့ ဖော်ပြချက်အရတော့ ပီအက်စ်ဂျီနဲ့ လမ်းခွဲရဖို့ နီးစပ်နေတဲ့ ရာမို့စ်ကို အယ်လ်အေ ဂလက်ဇီက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အယ်လ်အေ ဂလက်ဇီရဲ့ တာဝန်ရှိသူတွေဟာ ရာမို့စ်ရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်မှုတွေပါ ပြုလုပ်ထားပြီးပြီ ဖြစ်ကြောင်း သိရပါတယ်။

အယ်လ်အေ ဂလက်ဇီဟာ ၂၀၁၇ခုနှစ်ကလည်း မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ကစားရင်း ပြင်းထန် ဒူးဒဏ်ရာ ရခဲ့ကာ ကစားသမားဘဝ အဆုံးသတ်လုနီးပါး ဖြစ်နေခဲ့တဲ့ ဆွီဒင် တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ကို ခေါ်ယူဖူးပါသေးတယ်။