လက်ရှိအချိန်မှာ ဆော်ဒီပရိုလိဂ်ရဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်က ပိတ်သိမ်းသွားပြီ ဖြစ်ပေမယ့်လည်း free agent players တွေ ခေါ်ယူမှုကိုတော့ အချိန်မရွေး လုပ်ဆောင်လို့ ရနေသေးရာ အခု အယ်လ်နာဆာအသင်းက အသင်းလက်မဲ့ ဖြစ်နေတဲ့ ပြင်သစ် ကွင်းလယ်လူ အက်ဒရီယန် ရာဘီယော့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အသက် (၂၉)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်ကစားသမား ရာဘီယော့ဟာ ဒီနွေမှာပဲ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် အသင်းကနေ ထွက်ခွာခဲ့ပြီး free agent ကစားသမား ဖြစ်သွားခဲ့ပါတယ်။

 

Photo Credit : Football Italia

လက်ရှိ အသင်းလက်မဲ့ ဖြစ်နေတဲ့ ကစားသမားတွေထဲမှာ ဘောလုံးအရည်အသွေး အကောင်းဆုံး ကစားသမားဖြစ်တဲ့ ရာဘီယော့ကို ကလပ်အသင်း များစွာက ချဉ်းကပ်ခဲ့သလို အသင်းများစွာနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အခုထိတော့ ရာဘီယော့က အသင်းသစ် မရသေးပဲ အသင်းလက်မဲ့သာ ဖြစ်နေရပါတယ်။

ဒါပေမယ့် အခုတော့ ရာဘီယော့ကို ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ် အယ်လ်နာဆာအသင်းက စိတ်ဝင်စားနေသလို အယ်လ်နာဆာအသင်းရဲ့ အသင်းခေါင်းဆောင် ပေါ်တူဂီ ဝါရင့် တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုယ်တိုင်က သူရဲ့ ဂျုဗင်တပ်စ် အသင်းဖော်ဟောင်းကို အသင်းဆီ ပြောင်းရွှေ့လာစေချင်နေပါတယ်။

Photo Credit : Tribuna

ထွက်ပေါ်နေတဲ့ သတင်းတွေထဲမှာတော့ ရာဘီယော့ကို ခေါ်ယူပေးဖို့ အယ်လ်နာဆာအသင်းထံ ရော်နယ်လ်ဒိုက တောင်းဆိုနေတယ်လို့ သတင်းထွက်နေခဲ့ပြီး အယ်လ်နာဆာကလည်း ရာဘီယော့အတွက် တစ်နှစ်လုပ်ခ ယူရို သန်း(၂၀)နဲ့ပါ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ သတင်းထွက်နေခဲ့ပါတယ်။

အယ်လ်နာဆာက ဒီနွေမှာတော့ ဘရာဇီးလ် ကစားသမားတွေကို ခေါ်ယူလို့ထားပြီး ဂိုးသမား ဘန်တိုကို အသက်လက်တီကို ပါရာနာအန်စီကနေ ခေါ်ယူခဲ့သလို တောင်ပံကစားသမားလေး အန်ဂျလိုကိုလည်း ချယ်လ်ဆီးကနေ ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် ဥရောပ ကလပ်အသင်းတွေရဲ့ ပစ်မှတ် နောက်ခံလူ ဆီမာကန်ကိုလည်း လိုက်ပ်ဇစ်အသင်းကနေ ခေါ်ယူထားခဲ့ပါတယ်။