ပြင်သစ်လီဂူးရဲ့ အင်အားကြီး ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီဟာ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားဖြစ်သူ ကီလီယန်အမ်ဘာပေရဲ့ ညီငယ်ဖြစ်သူ အသက်(၁၄)နှစ်အရွှယ်ရှိ အီသန်ဘာပေဆိုတဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်ကစားသမားလေးကို အသင်းဆီ (၃)နှစ်စာချုပ်နဲ့ ခေါ်ယူဖြစ်ခဲ့ပြီး ပီအက်စ်ဂျီလူငယ်အသင်းမှာ စတင်ကစားခွင့် ပြုသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေဟာ ညီအစ်ကို(၃)ဦးထဲကမှ ဒုတိယမြောက်ဖြစ်ပြီး သူရဲ့အစ်ကိုဖြစ်သူကလည်း ဘောလုံးသမားတစ်ယောက်ဖြစ်ပေမယ့် လက်ရှိမှာတော့ ဘောလုံးသမားဘဝကနေ အနားယူထားဖြစ်သလို ဘာပေရဲ့ညီငယ် အီသန်ကတော့ ပီအက်စ်ဂျီ ယူ-၁၂အသင်းမှာ ပါဝင်နေရင်းနဲ့ အခုလို အသင်းနဲ့ (၃)နှစ်စာချုပ်အထိ သက်တမ်းတိုးနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ဘာပေရဲ့အနာဂတ်အခြေအနေက တည်ငြိမ်မှု ရှိမနေပဲ ပီအက်စ်ဂျီအသင်းနဲ့ လမ်းခွဲဖွယ်ရှိနေပေမယ့် ပီအက်စ်ဂျီကတော့ ဘာပေတို့ ညီအစ်ကိုနှစ်ယောက်လုံးကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်အောင် ကြိုးပမ်းလို့နေပြီး ညီဖြစ်သူတဲ့ အီသန်အပြီးမှာပဲ ကီလီယန်ဘာပေကို သက်တမ်းတိုးနိုင်ဖို့ ထပ်မံကြိုးစားဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

အီသန်ဟာ သူရဲ့အစ်ကိုဖြစ်သူ ဘာပေနဲ့ ပွဲလမ်းသဘင်များစွာကို အတူတကွ တတ်ရောက်ခဲ့ဖူးသူဖြစ်သလို မိုနာကိုအသင်းကနေ ပီအက်စ်ဂျီအသင်းဆီ ဘာပေပြောင်းရွှေ့လာကတည်းက အီသန်ပါ ပီအက်စ်ဂျီကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အီသန်လေးဟာ ပီအက်စ်ဂျီ ယူ-၁၂အသင်းမှာ ပါဝင်ကစားနေရသလို ပီအက်စ်ဂျီ စီနီယာအသင်းကြီးရဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ ဘောကောက်အဖြစ် ဝင်ရောက်ဆောင်ရွှက်နေတာဖြစ်ပါတယ်။ အီသန်ဟာ ပီအက်စ်ဂျီလူငယ်အသင်းမှာ (၃)နှစ် ပါဝင်ကစားပြီးပါက ပီအက်စ်ဂျီ စီနီယာအသင်းမှာ ပါဝင်ကစားခွင့် ရရှိနိုင်ပြီး သူရဲ့အစ်ကိုဖြစ်သူ ကီလီယန်ဘာပေကိုသာ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်မယ်ဆိုရင်တော့ ညီအစ်ကိုနှစ်ယောက်လုံး တွဲဖက်ကစားခွင့်ရနိုင်မှာ ဖြစ်ပါတယ်။ အီသန်ဘာပေဟာ သူရဲ့အစ်ကိုနဲ့မတူပဲ ကွင်းလယ်ဗဟိုမှာ ပါဝင်ကစားတတ်သူဖြစ်ပြီး လိုအပ်ရင် ကွင်းလယ်ခံစစ်နေရာမှာပါ ကစားတတ်ပါသေးတယ်။ ဒါပေမယ့် လက်ရှိမှာ ရီးယဲလ်မက်ဒရစ်ကိုသာ ပြောင်းဖွယ်ရှိလို့နေတဲ့ ကီလီယန်အမ်ဘာပေကြောင့် ညီအစ်ကိုနှစ်ဦးလုံး ပီအက်စ်ဂျီအသင်းမှာ တွဲဖက်ကစားနေတာကို မြင်တွေ့ရဖို့ကတော့ မလွယ်ကူနိုင်ပါဘူး။