ပြီးခဲ့တဲ့ ရက်ပိုင်းလေးမှာပဲ အသက်(၂၃)နှစ်ပြည့်သွားခဲ့ရတဲ့ ပြင်သစ်တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာပေဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်က ကုန်ဆုံးတော့မှာဖြစ်လို့ ပီအက်စ်ဂျီဘက်ကနေ ဘာပေကို အသင်းမှာပဲ ဆက်လက်ရှိနေအောင် ဆက်တိုက်ကြိုးပမ်းနေရတဲ့အပြင် ဘာပေရဲ့ ပီအက်စ်ဂျီအသင်းဖော်တွေကလည်း ဘာပေရဲ့မွေးနေ့မှာ အသင်းနဲ့ ကာလရှည်ကြာ ဆက်ရှိနေဖို့အတွက် ရယ်မောချင်စရာကောင်းတဲ့ ပုံစံမျိုးနဲ့ တောင်းဆိုသွားခဲ့ပါတယ်။

Photo Credit : Flpboard

ပြီးခဲ့တဲ့ တနင်းလာနေ့တုန်းက ကျရောက်ခဲ့တဲ့ ဘာပေရဲ့ အသက်(၂၃)နှစ်ပြည့် မွေးနေ့ရက်မြတ်မှာ ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ရာမို့စ် ဗာရက်တီ ဟာရဲရား ဒရက်ဇ်လာ ဟာခီမီ နာဗက်စ်တို့က ဘာပေရဲ့ နာမည်နဲ့ “Mbappe 2050” လို့ ပုံဖော်ထားတဲ့ ပီအက်စ်ဂျီအသင်း ဝတ်စုံကို မွေးနေ့ရှင်ဘာပေနဲ့အတူ အမှတ်တရ ဓါတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်သွားခဲ့ကြပါတယ်။ ဘာပေဟာ ဒီနှ်စ်ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် လီဂူးပြိုင်ပွဲအတွင်း သွင်းဂိုးအများဆုံး သွင်းယူထားနိုင်ခဲ့ပြီး သွင်းဂိုး(၉)ဂိုး ဂိုးဖန်တီးမှု (၈)ကြိမ် ပြုလုပ်ထားနိုင်တာကြောင့် ဒီလို အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ချင်ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းချင်နေတာ ဖြစ်ပါတယ်။

Photo Credit : SPORTbible

ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့သွားဖို့ အနီးစပ်ဆုံး အခြေအနေမျိုး ရောက်ရှိနေရတဲ့ ဘာပေကို သူရဲ့လက်ရှိကလပ် ပီအက်စ်ဂျီအသင်းက ဘာပေလို အရည်အသွေးမြင့် ကစားသမားတစ်ဦးကို လုံးဝလက်မလွတ်သွားချင်တာကြောင့် စာချုပ်သစ် ကမ်းလှမ်းမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့်လည်း ကစားသမားဘက်ကတော့ အသင်းရဲ့ ကမ်းလှမ်းမှုတွေကို ဆက်တိုက်ပယ်ချထားလို့ ပီအက်စ်ဂျီအနေနဲ့ ဘာပေကို လက်လွတ်ရဖို့က အလွန်ကို နီးစပ်နေရပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာပေကတော့ လာမယ့် ဆောင်းစျေးကွက်အတွင်းမှာ အသင်းအပြောင်းအလဲ လုပ်သွားဖို့ အစီအစဉ်ရှိမှာ မဟုတ်ပဲ အသင်းနဲ့ ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်ထိသာ ဆက်ရှိနေပြီး ရာသီကုန်ချိန်မှသာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။ ပီအက်စ်ဂျီအသင်းဘက်ကတော့ မက်ဆီ နေမာ ဘာပေ တိုက်စစ်အတွဲအဖက်ကို ဆက်လက်ထိန်းသိမ်းသွားချင်နေပေမယ့် ဘာပေကတော့ သူ့ကစားသမားဘဝရဲ့ အတောက်ပဆုံး အချိန်အခါမျိုးမှာ ပြည်ပကလပ် အသင်းတစ်သင်းဆီကို ပြောင်းရွှေ့သွားချင်နေပြီး သူ့ကို အလိုရှိဆုံး ကလပ်အသင်းကြီးဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့သွားဖွယ်လည်း ရှိနေပါတယ်။