ပီအက်စ်ဂျီအသင်းရဲ့ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်တဲ့ တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေဟာ အသင်းမှာ တစ်နှစ်သက်တမ်းသာ ကျန်ရှိနေတော့ပေမယ့် အသင်းနဲ့ သက်တမ်းတိုးဖို့ကို ပယ်ချထားခဲ့ပြီး စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှသာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပဲ ထွက်ခွာသွားဖို့ ဆန္ဒရှိနေတောကြောင့် အသင်းဘက်ကနေ ဘာပေလို ကစားသမားမျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်နိုင်တဲ့အတွက် အခု နွေစျေးကွက်အတွင်းမှာပဲ မဖြစ်မနေ ရောင်းချရဖွယ် ရှိနေပါတယ်။

Photo Credit : BeSoccer

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာပဲ မိုနာကိုအသင်းကနေ ပီအက်စ်ဂျီအသင်းဆီ အငှားနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အငှားစာချုပ်အပြီးမှာတော့ ပြောင်းရွှေ့ကြေး ယူရို(၁၄၅)သန်း+အပိုဆုကြေး ယူရို(၃၅)သန်း (၅)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ ပြင်သစ်ပြည်တွင်းဆုဖလားအားလုံးကို ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဒုတိယနေရာကို ရယူနိုင်ခဲ့သလို ပြင်သစ်အသင်းနဲ့လည်း ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Goal

ဘာပေဟာ ဒီလိုအသင်းလိုက် အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တဲ့အပြင် လီဂူးဂိုးသွင်းအများဆုံးဆု လီဂူးအကောင်းဆုံးဆုတို့လို တစ်ဦးချင်းအောင်မြင်မှုတွေကိုပါ ရယူနိုင်ခဲ့ပါသေးတယ်။ ဒီလို အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့တဲ့ ကြယ်ပွင့်ကစားသမား ဘာပေဟာ လာမယ့် ၂၀၂၂ခုနှစ်မှာပဲ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ သူ့ကို သက်တမ်းတိုးဖို့အတွက် ပီအက်စ်ဂျီဘက်ကနေ ကြိုးပမ်းနေပေမယ့်လည်း ဘာပေကတော့ သက်တမ်းတိုးဖို့ ပယ်ချခဲ့ပြီး အသင်းမှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့်အချိန်ထိသာ ဆက်လက်ကစားသွားရင်း အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားဖို့ကိုပဲ ဆန္ဒရှိလို့နေပါတယ်။ ဒါပေမယ့် ဘာပေလို တကယ့်ဒိတ်ဒိတ်ကြဲ ကစားသမားမျိုးကို ပြောင်းရွှေ့ကြေး မပါဝင်ပဲ လက်လွတ်သွားဖို့ စိတ်ကူးမရှိတဲ့ ပီအက်စ်ဂျီအသင်းကတော့ ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ဘာပေကို ရောင်းချသွားဖွယ် ရှိလို့နေပြီး ရီးယဲလ်မက်ဒရစ် လီဗာပူးလ်အသင်းတွေက ဘာပေရဲ့ အခြေအနေကို စောင့်ကြည့်လျက် ရှိနေပါတယ်။ လက်ရှိမှာတော့ ဘာပေဟာ သူငယ်စဉ်ကတည်းက အားပေးလာခဲ့ရတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီကိုပဲ ပြောင်းရွှေ့ချင်နေပြီး သူနဲ့တစ်နိုင်ငံတည်းသား ကာရန်ဘန်ဇီမာနဲ့ တွဲဖက်ကစားချင်နေတယ်လို့ သိရှိရပါတယ်။