ဒီရက်ပိုင်းလေးအတွင်းမှာပဲ ဘောလုံးလောကအတွင်း လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့ရတဲ့ အကြောင်းကတော့ ပီအက်စ်ဂျီအသင်းရဲ့နည်းပြသောမတ်စ်တူဟယ်လ် နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ခံရတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ တူဟယ်လ်ဟာ ပီအက်စ်ဂျီအသင်းကို အခြေအနေ အရမ်းဆိုးရွှားနေခြင်းမရှိအောင် ကိုင်တွယ်ထားနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီက ဒီရာသီ ပြည်တွင်းအမှတ်ပေး ပွဲစဉ်တွေအတွင်းမှာတော့ ရလဒ်တိမ်းစောင်းမှုတွေ ရှိထားခဲ့ပြီး ပြီးခဲ့တဲ့ရာသီတွေကလိုမျိုး ဇယားထိပ်မှာ လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်ထားခြင်း မရှိတော့တာကြောင့် အခုလို ရာသီဝက်အတွင်းမှာပဲ နည်းပြအပြောင်းအလဲ ဖြစ်လာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Metro

ဒီလို တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ချိန်မှာ လစ်လပ်နေတဲ့ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြရာထူးကို အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ စပါးနည်းပြဟောင်း မာရီစီယိုပိုချက်တီနိုက အစားထိုးဝင်ရောက်လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဖြစ်နိုင်ခြေလည်း အရမ်းများနေပါတယ်။ တကယ်တော့ တူဟယ်လ်ဟာ ပီအက်စ်ဂျီအသင်းကို ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ်ဖိုင်နယ်အထိကို အရောက်ပို့ဆောင်ထားနိုင်ခဲ့သူဖြစ်ပြီး အထုတ်မခံရခင် ရက်ပိုင်းအတွင်း အသင်းကို လီဂူးပွဲစဉ်အတွင်းမှာ (၄)ဂိုးပြတ်နဲ့ အနိုင်ရအောင် စွမ်းဆောင်ထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

Photo Credit : Metro

အခုလို ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဆရာသမားဟောင်းတူဟယ်လ်နဲ့ပတ်သက်ပြီး ပီအက်စ်ဂျီကြယ်ပွင့် ကီလီယန်အမ်ဘာပေက “ဒါဟာ ဝမ်းနည်းစရာကောင်းတဲ့ ဘောလုံးဥပဒေတစ်ခုလိုပါပဲ။ သင်ဒီနေရာမှာ ရှိခဲ့တဲ့အချိန်တွေကို သတိမရတဲ့သူ့လို ဘယ်သူမှ ရှိမှာမဟုတ်ပါဘူး။ သင်က ဒီအသင်းရဲ့ သမိုင်းကြောင်း အစိတ်အပိုင်းတစ်ခုကို ရေးထိုးထားခဲ့သူပါ။ သင့်ကို အရာအားလုံးအတွက် ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်” လို့ အင်စတာဂရမ်မှာ ရေးသားဖော်ပြသွားခဲ့ပါတယ်။ အသက်(၄၇)နှစ်အရွှယ်ရှိ ဂျာမန်လူမျိုး နည်းပြသောမတ်စ်တူဟယ်လ်ဟာ အော့စ်ဘတ်အရန်အသင်းကို ကိုင်တွယ်ပြီး နည်းပြဘဝကို စတင်ခဲ့သူဖြစ်ပြီး အဲ့ဒီကမှ မိန့်ဇ်အသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့ရင်းနဲ့ ၂၀၁၅ခုနှစ်မှာတော့ ဒေါ့မွန်အသင်းကို ရောက်ရှိလာခဲ့ပါတယ်။ ဒေါ့မွန်မှာ နှစ်ရာသီကြာအောင် ကိုင်တွယ်ခဲ့ပြီးတဲ့နောက်မှာတော့ တူဟယ်လ်ဟာ ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာခဲ့ပြီး သူကိုယ်တိုင်ခဲ့တဲ့ (၂)နှစ်တာကာလအတွင်းမှာ အသင်းအတွက် ဆုဖလားများစွာ ရယူပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဒုတိယနေရာရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီဘက်က တူဟယ်လ်ရဲ့စွမ်းဆောင်ရည်တွေကို အားမလိုအားမရ ဖြစ်နေရတာကြောင့် နောက်ဆုံးမှာ အသင်းကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။