ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေဟာ အသင်းရဲ့ မက်မောလောက်စရာ စာချုပ်သစ် ကမ်းလှမ်းမှုတစ်ရပ်အဖြစ် တစ်နှစ်လုပ်ခ ယူရို်(၄၅)သန်းနဲ့ ပီအက်စ်ဂျီဘက်ကနေ ကမ်းလှမ်းခဲ့ပေမယ့်လည်း ကစားသမားဘက်ကတော့ ဒီကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချသွားခဲ့ပြီး အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် လာမယ့်နွေမှသာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားမှာ ဖြစ်ပါတယ်။

Photo Credit : The Bharat Express News

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကြယ်ပွင့်ကစားသမား ဘာပေဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်ကတော့ သူတို့ရဲ့ အဓိက တိုက်စစ်ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးစေရဖို့အတွက် စာချုပ်သစ် ကမ်းလှမ်းမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့သလို ဘာပေဘက်ကလည်း ဒီကမ်းလှမ်းမှု အားလုံးကို ပယ်ချထားခဲ့ပါတယ်။ အခုလည်း ပီအက်စ်ဂျီဘက်ကနေ ဘာပေကို ကမ္ဘာ့ဘောလုံးလောကမှာ လစာအကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်လာနိုင်စေမယ့် ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ဘာပေကတော့ စိတ်ပြောင်းခဲခြင်းမရှိပဲ ဆက်လက်သာ ငြင်းဆန်ခဲ့ပါတယ်။

Photo Credit : Daily Mail

ဘာပေဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာကတည်းက ပီအက်စ်ဂျီကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ချင်ခဲ့တာဖြစ်ပြီး ရီးယဲလ်ဘက်ကလည်း ဘာပေကို ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းမှုတွေကို စျေးကွက်နောက်ဆုံးနေ့ထိ ကြိုးပမ်းခဲ့ပေမယ့်လည်း ပီအက်စ်ဂျီဘက်က မတုံ့ပြန်လာခဲ့တာကြောင့် လက်လျှော့ခဲ့ရပြီး လာမယ့်နွေမှသာ တကျော့ပြန် ခေါ်ယူဖွယ် ရှိနေပါတယ်။ ရီးယဲလ်အသင်းဟာ ဘာပေအတွက် နောက်ဆုံးအကြိမ် ကမ်းလှမ်းမှုအဖြစ် ယူရိုသန်း(၂၀၀)နဲ့ပါ ကမ်းလှမ်းခဲ့ပေမယ့်လည်း ပီအက်စ်ဂျီအသင်းက ဘာပေကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်တာကြောင့် ရီးယဲလ်ရဲ့ ကမ်းလှမ်းမှုကို အကြောင်းမပြန်ခဲ့ပဲ သူတို့ကစားသမားကိုသာ မက်လောက်စရာ လစာတစ်ရပ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာပေကတော့ ရီးယဲလ်အသင်းဆီ မရောင်းချခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ဆုံးဖြတ်ချက်အပေါ် သဘောမကျတဲ့အတွက် ပီအက်စ်ဂျီရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကိုပါ ပယ်ချထားခဲ့ပြီး ရာသီအကုန်မှသာ ရီးယဲလ်အသင်းဆီကို ပြောင်းရွှေ့ကြေး တစ်ပြားတစ်ချပ်မှ မပါဝင်ပဲ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။