၂၀၂၂ကာတာကမ္ဘာ့ဖလား ဖိုင်နယ်ပွဲအပြီးကတည်းက ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ရတဲ့ အာဂျင်တီးနားအသင်းရဲ့ ဂိုးသမားဖြစ်သူ အယ်မီလီယာနိုမာတီနက်ဇ်ဟာ ပြင်သစ်တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေအပေါ် လှောင်ပြောင်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဒီလှောင်ပြောင်မှုတွေကို ဘာပေက ခပ်အေးအေးနဲ့သာ တုံ့ပြန်သွားခဲ့ပါတယ်။

Emiliano Martinez trolls Kylian Mbappe - video

Photo Credit : CaughtOffside

ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဘာပေရဲ့ သွင်းဂိုးတွေအားလုံးကို ခွင့်ပြုခဲ့ရပေမယ့်လည်း ပင်နယ်တီ အဆုံးအဖြတ်မှာ ကိုးမန်းရဲ့ ပင်နယ်တီကန်ချက်ကို ကာကွယ်နိုင်ခဲ့ရင်း အာဂျင်တီးနားအသင်းကို တတိယအကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်စေခဲ့သူ မာတီနက်ဇ်ဟာ ပွဲအပြီးမှာ ဘာပေကို နှစ်သိမ့်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း အဝတ်လဲခန်းအတွင်း အောင်ပွဲခံရာမှာ ဘာပေအတွက် တစ်မိနစ် ငြိမ်သက်ဖို့ တောင်းဆိုရင်း လှောင်ပြောင်ခဲ့သလို အာဂျင်တီးနားနိုင်ငံကို ပြန်ရောက်ချိန် ဗျူနိုအေးရိစ့်မြို့အတွင်း အမိုးဖွင့်ကားနဲ့ လည်ပတ် အောင်ပွဲခံရာမှာလည်း ဘာပေမျက်နှာပုံ ကပ်ထားတဲ့ ကလေးအရုပ်ကို သယ်ဆောင်လာရင်း ထပ်မံ လှောင်ပြောင်ခဲ့ပြန်ပါတယ်။

Kylian Mbappe shrugs off Emiliano Martinez's 'futile' taunts - BBC Sport

Photo Credit : BBC

လက်ရှိအချိန်မှာတော့ ဘာပေက ကမ္ဘာ့ဖလားအပြီး သူရဲ့ ကလပ်အသင်းအတွက် ပြန်လည် ကစားပေးနိုင်ခဲ့တဲ့ ပွဲစဉ်မှာပဲ ပွဲပြီးခါနီးမှာ သူကြောင့် ရလာတဲ့ ပင်နယ်တီကနေ ဂိုးအဖြစ် သွင်းယူပြီး ပီအက်စ်ဂျီကို နိုင်ပွဲ ရရှိစေခဲ့ပါတယ်။ ပွဲအပြီး အင်တာဗျူးမှာ မာတီနက်ဇ်ရဲ့ လှောင်ပြောင်မှုနဲ့ ပတ်သတ်ပြီး ဘာပေကို မေးမြန်းမှုတွေ လုပ်ဆောင်လာခဲ့ရာ ဘာပေက “ပွဲအပြီးမှာ ကျွန်တော် သူနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်လည်း သူ့ကို ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ ဒီဖိုင်နယ်ပွဲက သူ့အတွက်ရော ကျွန်တော့်အတွက်ပါ ဘဝကြီး တစ်ခုလုံးနဲ့ သက်ဆိုင်နေသလိုပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ရှုံးသွားခဲ့တယ်။ ဒါကြောင့် ကျွန်တော် ဒီထက်မက ပိုကြိုးစားရပါမယ်။ သူတို့တွေ အောင်ပွဲခံနေကြတာကတော့ ကျွန်တော့်ကိစ္စမဟုတ်ဘူး။ ဒီလို အသေးအဖွဲ့ကိစ္စတွေအတွက် ကျွန်တော့်အချိန်တွေကို မဖြုန်းဘူး” လို့ အေးအေးဆေးဆေး ဖြေဆိုသွားခဲ့ပါတယ်။ ဘာပေရဲ့တုံ့ပြန်မှုကို ပရိသတ်များစွာက နှစ်သက် သဘောကျလို့နေပြီး ဘာပေဟာ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်လာတဲ့ ကစားသမားဖြစ်သလို ဒါဟာ ထိပ်တန်းအဆင့်ရှိတဲ့ ကစားသမားကောင်းတွေရဲ့ အပြုအမှု ဖြစ်တယ်လို့ ပရိသတ်တွေက ချီးကျူးထောပနာ ပြုနေကြပါတယ်။