ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှာ တွဲဖက်ကစားဖူးကြသူတွေဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီနဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူးလေး ကီလီယန်အမ်ဘာပေတို့နှစ်ယောက်ဟာ မနက်ဖြန်ညမှာတော့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အုပ်စုအဆင့်မှာ အရင်လိုအသင်းဖော် အခြေအနေမျိုးနဲ့မဟုတ်တော့ပဲ ပြိုင်ဘက်တွေအဖြစ်နဲ့ ပြန်လည်ရင်ဆိုင်ဆုံတွေ့ရတော့မှာဖြစ်လို့ သူရဲ့အသင်းဖော်ဟောင်း ကာဗာနီရဲ့အသင်းသစ်ဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူသွားမယ်လို့ ဘာပေက ကြုံးဝါးပြောဆိုလိုက်ပါတယ်။

Photo Credit : Manchester Evening News

အသက်(၃၃)နှစ်အရွှယ် ကာဗာနီနဲ့ အသက်(၂၁)နှစ်အရွှယ် ဘာပေတို့ဟာ ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်ပိုင်းမှာ (၃)နှစ်တာအထိ တွဲဖက်ကစားခဲ့ဖူးကြတဲ့ တိုက်စစ်အတွဲအဖက်ဟောင်းတွေဖြစ်ပြီး ကာဗာနီက အသင်းနဲ့ သက်တမ်းကုန်ဆုံးချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အုပ်စုအဆင့်တွေ မဲခွဲချိန်မှာ ကာဗာနီရဲ့အသင်းသစ် ယူနိုက်တက်နဲ့ အသင်းဟောင်းပီအက်စ်ဂျီတို့က တိုက်တိုက်ဆိုင်ဆိုင် တစ်အုပ်စုတည်းမှာ ကျရောက်နေခဲ့ရတဲ့အတွက် အားလုံးထင်မှတ်ထားတာပင် ဒီအသင်းနှစ်သင်း တွေ့ဆုံမှုက စိတ်လှုပ်ရှားဖို့ကောင်းနေပါတယ်။

Photo Credit : Sport Blid

အခုလို ကိုယ်နဲ့ အသင်းတစ်သင်းတည်းမှာ (၃)နှစ်လောက် အတူတွဲဖက်ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းတစ်ယောက်ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမှာက စိတ်ခံစားချက်တစ်ခုခုများ ဖြစ်လာနိုင်မလားလို့ မေးမြန်းလာခဲ့ရာ ဘာပေက “မဖြစ်ပါဘူး။ ဒီလိုတော့ လုံးဝဖြစ်မနေပါဘူး။ အခု သူက တစ်ဖက်အသင်းကို ရောက်ရှိနေပြီလေ။ သူအဲ့ဒီအသင်းမှာ အကောင်းဆုံးတွေ ဖြစ်လာနိုင်ပါစေလို့ ကျွန်တော်ဆန္ဒပြုခဲ့ပေမယ့် သူက ကျွန်တော်တို့အသင်းသားမှ မဟုတ်တော့တာ။ အခု ကျွန်တော်တို့အားလုံးက သူနဲ့ သူရဲ့အသင်းသစ်ကို ရင်ဆိုင်ကစားရတော့မှာဖြစ်လို့ သူတို့တွေကို အနိုင်ယူမှာပါ” လို့ AS သတင်းမီဒီယာနဲ့ တွေ့ဆုံစဉ်မှာ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ကာဗာနီက ဒီရာသီရဲ့ နွေစျေးကွက်နောက်ဆုံးနေ့ရက်မှ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အင်္ဂလန်ကိုရောက်ရှိစဉ်မှာ နှစ်ပတ်တာ Quarantine ဝင်နေခဲ့ရတဲ့အတွက် နယူးကာဆဲလ်နဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်ကစားခွင့်မရခဲ့ပဲ အသင်းဟောင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှသာ ပွဲဦးထွက်ရဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ကာဗာနီရဲ့အသင်းဖော်ဟောင်း ဘာပေကတော့ ပီအက်စ်ဂျီအတွက် (၄)ပွဲကစားထားပြီးနောက် (၄)ဂိုးသွင်းယူခဲ့ကာ (၄)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။