MySport Myanmar

အိမ်ကွင်းမှာ ကစားရမှာမို့ အနိမ့်ဆုံး သရေတစ်မှတ် ရအောင်ယူသွားမယ်လို့ ကျော်ဇင်ဖြိုး ဆို

ဒီနေ့ ညနေ (၄)နာရီအချိန် ရန်ကုန်မြို့က သုဝဏ္ဏ အားကစားကွင်းကြီးမှာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နဲ့ မြောက်ကိုရီးယား ဘောလုံးအသင်းတို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့် အုပ်စု ဒုတိယမြောက် ပွဲစဉ်ကို ဆင်နွဲသွားရမှာ ဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင်မှာ နှစ်သင်းလုံးက အုပ်စု အဖွင့်ပွဲတွေထဲ ရှုံးပွဲတွေ အသီးသီး ကြုံတွေ့ထားခဲ့ရတာဖြစ်လို့ ဒီပွဲက နှစ်သင်းလုံးအတွက် အရေးပါနေပြီး အိမ်ရှင် ပရိသတ်အရှေ့မှာ ယှဉ်ပြိုင်သွားရမယ့် မြန်မာအတွက်ကလည်း ဒီပွဲမှာ ရမှတ် စတင် ရယူနိုင်ဖို့ လိုအပ်နေပါတယ်။

Photo Credit : Myanmar Football Federation Facebook

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲကို မနေ့ကပဲ လုပ်ဆောင်သွားခဲ့ရာ လက်ရွေးစင် ဂိုးသမား ကျော်ဇင်ဖြိုးက မြောက်ကိုရီးယားပွဲအတွက် ပြင်ဆင်ထားမှုများကို ဖွင့်ဟလာခဲ့ပါတယ်။ “ဒီပွဲအတွက်တော့ ပုံမှန်အတိုင်းပါပဲ။ ထူးထူးခြားခြား ပြင်ဆင်ထားခြင်း မရှိပါဘူး။ အကောင်းဆုံး ကစားသွားဖို့နဲ့ နည်းပြ ညွှန်ကြားတဲ့ အတိုင်း ကစားသွားဖို့ပါပဲ။”

“ဂျပန်အသင်းကို ဂိုးပြတ် ရှုံးတယ်ဆိုတာက ဘယ်လိုပဲဖြစ်ဖြစ် ဒါ နည်းနည်း နည်းတဲ့ပမာဏပါ။ ဂျပန်နဲ့ပွဲမှာ တိုက်စစ်ကို ဘယ်လိုမှ ဆင်လို့မရပဲနဲ့ အဓိက ခံစစ်လုံးလုံး ကစားခဲ့ရတယ်။ အခုပွဲမှာတော့ ဂျပန်ပွဲနဲ့ မတူတဲ့ ကစားကွက်ကို ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။ တိုက်စစ်နဲ့ခံစစ် မျှအောင် အဓိက ပြင်ဆင်ထားပါတယ်။”

Photo Credit : Myanmar Football Federation Facebook

“အဓိက ကိုယ့်အိမ်ကွင်းမှာတော့ အမှတ်ရအောင် ကစားသွားပါမယ်။ မနိုင်တောင်မှ သရေတစ်မှတ်ရအောင် ကစားဖို့ ပြင်ဆင်ထားပါတယ်။ ကမ္ဘာ့ဖလား မျှော်လင့်ချက်ကတော့ ကျွန်တော်တို့ မမျှော်လင့်ရဲပါဘူး။ Asian Cup ပြိုင်ပွဲဝင်ခွင့်အတွက်ကိုပဲ မျှော်လင့်ထားပါတယ်။” လို့ Skynet ရုပ်သံနဲ့ အင်တာဗျူးမှာ ကျော်ဇင်ဖြိုးက အခုလို ပြောဆိုသွားခဲ့ပါတယ်။

မြန်မာ နဲ့ မြောက်ကိုရီးယားတို့ဟာ ၂၀၀၈ခုနှစ်ကနေ စတင်ပြီး စုစုပေါင်း (၅)ကြိမ်အထိ ဆုံတွေ့ခဲ့ပေမယ့်လည်း အဲ့ဒီ(၅)ကြိမ်လုံးမှာ မြောက်ကိုရီးယားအသင်းကသာ ရာနှုန်းပြည့် အနိုင်ရထားခဲ့ပါတယ်။

Exit mobile version